အဆုံးသတ်မျဥ်း (Part-1)
ဆောင်းရာသီနှောင်းပိုင်းသို့ ရောက်လာပြီဖြစ်ရာ အနောက်ဘက်မုတ်သုံလေက အရိုင်းဆန်စွာတိုက်ခတ်လာသဖြင့် သစ်ရွက်များ ကြွေကျမြေခရသည့် ဥတုရာသီဖြစ်သည်။မြို့တော်ကြီးတစ်ခုလုံးက ရွှေဝါရောင်နွေးထွေးမှုကြားတွင် နစ်မြောနေရပြီး ဝမ်းနည်းပူဆွေးစရာရုပ်ရှင်ဇာတ်လမ်းများထဲမှမြင်ကွင်းလို အနွေးငွေ့များက မြူခိုးများသဖွယ်ရစ်ဆိုင်းနေလေသည်။
လင်းလော့ချွမ်က ဝေ့ရှီအား ခြံဝန်းထဲရှိ လေညှင်းပန်းပင်အောက်သို့ တွန်းခေါ်လာခဲ့သည်။ခပ်နွေးနွေးနေရောင်ခြည်အောက် လေညှင်းပန်းရနံ့လေးများက လေထုတစ်ခွင် မြူးထူးမွှေးပျံ့လို့နေ၏။
ဝေ့ရှီ၏ခန္ဓာကိုယ်ပေါ်ရှိ ခြုံစောင်ကို အပေါ်နည်းနည်းထပ်တိုး၍လွှားခြုံပေးလိုက်ပြီး ကိုယ်တိုင်ပတ်ထားသည့် လည်စည်းပုဝါကိုချွတ်ပြီး ဝေ့ရှီ၏လည်တိုင်ထက်တွင် အသာအယာပတ်ပေးလိုက်၏။ထို့နောက် သစ်ပင်အောက်ရှိ ကျောက်သားခုံတန်းပေါ်ထိုင်လိုက်ပြီး
"ဝေ့ရှီ...ဒီရက်တွေထဲမှာ ကိုယ် မင်းနဲ့စကားတွေအများကြီး ပြောဖြစ်ခဲ့ပေမယ့် ကိုယ့်ငယ်ငယ်တုန်းကအကြောင်းတွေကို မပြောပြရသေးဘူးထင်တယ်.."
တစ်ဖက်သို့လှည့်ကြည့်လိုက်လျှင် ဝေ့ရှီက ယခင်အတိုင်း မလှုပ်မယှက်ဘဲငြိမ်သက်နေဆဲဖြစ်သည့် အမူအရာကိုသာတွေ့ရ၏။လင်းလော့ချွမ်က ဝေ့ရှီ၏လက်ကိုဆုတ်ကိုင်လိုက်ပြီး တစ်ချက်ကလေးပင်ပြောင်းလဲမသွားသောမျက်နှာကိုငေးကြည့်ရင်း အတိုးဖျဆုံးအသံတို့ဖြင့် အညှင်သာဆုံးဆိုလိုက်၏။
"မင်း တွေးကြည့်မိဖူးမှာမဟုတ်လောက်ဘူး...တကယ်တော့ ကိုယ် ငယ်ငယ်တုန်းက အရမ်းလိမ္မာတာ...အဖေက အဲ့အချိန်တုန်းက စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်နေတုန်း...ကိုယ်တို့တွေကို သူ့ရဲ့တပ်သားတွေ ထိန်းကျောင်းတဲ့ပုံစံမျိုးနဲ့ပဲ သင်ခဲ့တာ...ကိုယ် မှတ်မိသလောက်ကတော့ သူ တစ်ခါမှကိုယ့်ကိုမပွေ့ဖက်ဖူးဘူးထင်တယ်...ဒါကြောင့်မလို့ ငယ်ရာကနေ ကြီးလာတဲ့အထိ ကိုယ်နဲ့ ကိုကိုမမတွေအားလုံး အဖေနဲ့စည်းကမ်းထိန်းက ဘာတွေများမတူတာရှိနေလဲဆိုတာ တကယ်နားမလည်ခဲ့ကြဘူး...အခြားသူတွေအမြင်မှာတော့ ကိုယ်တို့တွေက ရွှေသော့ကိုင်ပြီးမွေးလာကြတယ်လို့ ထင်ကြမှာပါ...ဒါပေမယ့် ဒီလိုမိသားစုထဲမှာ ကြီးပြင်းလာရတဲ့ စိတ်ထဲကနာကျည်းချက်တွေကိုတော့ ကိုယ်တို့ပဲ သိနိုင်မှာ..."
YOU ARE READING
Alluring [ ဘာသာပြန် ]
Romance绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်းမောသွားလောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖြစ်ဖြစ် မသိစိတ်ကနေရော အသိစိတ်ကပါ ရူးသွပ်သွားတဲ့အထိစွဲလမ်းခြင်းမျိုးပါ။