Chapter 45

16.4K 1.8K 123
                                    

(Unicode)

"ငါ့ နာမည်အရင်းက ခွန်းငယ်သွေး။
မေမေကတော့ ခွန်းလေးလို့ ခေါ်တယ် ပြောတယ်။
ငါ သေချာတော့ မသိဘူး။
ဘာလို့ဆို ငါ့အမေက ငါ မမှတ်မိတဲ့ အရွယ်ကတည်းက ဆုံးသွားတာမို့လို့။
ငါ လူမှန်းသိတတ်စအရွယ်ကတည်းက ငါ့မှာ အဖေပဲ ရှိတော့တယ်။”

"ငါတို့နေတဲ့နေရာက  ရှမ်းပြည်နယ် ဟိုပုံး မြို့စွန်က အိမ်ကြီးတစ်အိမ်ရဲ့  အလုပ်သမား တန်းလျားမှာ။
အိမ်ကြီးက အကြီးကြီး အပြင် ခြံကလည်း အကျယ်ကြီး။
ဖေဖေက သူဌေးကြီးရဲ့ လူယုံတော်မို့ တစ်နေကုန်နီးပါး အလုပ်ရှုပ်နေတတ်တယ်။
ညမှ တန်းလျားကို ပြန်လာတယ်။
တစ်ခါတလေဆို ညလည်း ပြန်လာချင်မှ လာတယ်။
ထမင်းချက်တဲ့ အဒေါ်ကြီးရယ်၊ ခြံစောင့် ဦးလေးကြီးရယ်ကပဲ ငါ့ကို အဓိက ထိန်းပေးကြတာ။”

ခွန်းထက်မာန် ပြောရင်း မော့ကြည့်လိုက်တော့ ခန့်ညားရှိန်က သူ ပြောသမျှကို မျက်မှောင်တွေ တွန့်ချိုးကာ စိတ်ဝင်တစား နားထောင်နေသည်။

သူ ခပ်ဖွဖွ ပြုံးလိုက်မိသည်။

"အဲ့တုန်းက အချိန်တွေကို အတိအကျ မမှတ်မိတော့ပေမယ့် အရမ်း ပျော်စရာ ကောင်းခဲ့တယ်ဆိုတာကို ငါ သေချာ သိတယ်။
နေ့ခင်းဆို အနားက မူလတန်းကျောင်းလေးမှာ တန်းလျားက ရွယ်တူ အဖော်တွေနဲ့ အတူ သွားတက်။
ညနေဆို တန်းလျားဘေးက မြေကွက်လပ်တွေမှာ ကစားကြ။
တစ်ခါတလေ အိမ်ကြီးနား သွားကပ်ပြီး ဟိုချောင်းဒီချောင်း လုပ်ကြ။
ညဆို ဖေဖေ ပြန်လာမယ့်အချိန်ကို မျှော်ပေါ့လေ။
အရမ်းကို အေးချမ်းပြီး လွတ်လပ်ပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေ။”

သူ ပြောနေရင်းနှင့် ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။
ရှားပါးလွန်းသည့် ပျော်ရွှင်ဖွယ် အမှတ်တရလေးတွေက ခပ်ဝါးဝါးသာ ပုံရိပ်ထင်တော့တာ တကယ်ကို ရင်နာဖွယ် ကောင်းလွန်းသည်။

"ဒါပေမဲ့ ငါ့ အသက် ရှစ်နှစ် မပြည့်ခင် လပိုင်းအလို တစ်ညမှာ ဖေဖေက ပြောတယ်။
ဒီတစ်ရက်၊ နှစ်ရက်အတွင်း အိမ်ကြီးဘက်ကို လုံးဝမလာပါနဲ့။
ဖြစ်နိုင်ရင် ကျောင်းက ပြန်လာပြီးရင်တောင် တန်းလျားဝန်းကျင်ကလွဲ ဘယ်ဆိုဘယ်မှ မရွေ့ပါနဲ့။
ဖေဖေတို့ အန္တရာယ်က လွတ်တော့မှာမို့ ဒီရက်ပိုင်းလေးတော့ သည်းခံလိုက်ပါဆိုပြီး...”

OH...My Beloved BadassWhere stories live. Discover now