Chapter 16

19.9K 2.2K 334
                                    

(Unicode)

တရိပ်ရိပ် ဖြတ်ကျော်သွားသော လမ်းမကြီးနှင့် တစ်ဖက်ခြမ်းမှ ကားများကို ငေးရင်း ခန့်ညားရှိန် မှိုင်နေမိသည်။

ကားပြတင်းပေါက်ဘောင်ကို ဘယ်လက်နှင့် ထောက်ကာ မှီထားခြင်း ဖြစ်၍ တစ်ချက်တစ်ချက် လက်ဆစ်များက ကားမှန်နဲ့ သွားရောက်ထိခတ်နေသည်။

နားကြပ်ထဲမှ သီချင်းသံတွေ ကြားနေရသော်လည်း ဘာတွေဆို​ နေတာလဲ သူ မသဲကွဲ။
အတွေးပေါင်းစုံထဲ လွင့်မျောနေသဖြင့် အရာအားလုံးနှင့် ကင်းကွာနေသလို သူ ဝေဝေဝါးဝါး ခံစားရသည်။

ခေါင်းထဲတွင် အခုနက မက်သည့် အိမ်မက်ဆိုးကိုသာ ထပ်ပြန် တလဲလဲ မြင်ယောင်နေမိသည်။
ငယ်စဥ်ကတည်းက ပုံစံအနည်းငယ်သာ ကွဲသော အိမ်မက်တစ်ခုကို သူ ထပ်ခါထပ်ခါ မက်တတ်သည်။
အသက်ကြီးလာသည့်အမျှ အကြိမ် အရေအတွက် ခြားသွားခဲ့သော်လည်း အခုလို အားနည်းနေ သည့် အချိန်မျိုးတွင်တော့ ပြန်ပေါ်လာမြဲပင်။

အိမ်မက်ထဲတွင် သွေးတွေလိုလို၊ အော်ဟစ်သံလိုလို ဘာမှ မသဲကွဲသော်လည်း နိုးလာသည့် အချိန်တိုင်းတော့ အလန့်တကြား တုန်ယင်လှိုက်မောကာ ဝမ်းနည်းနာကျင်ရတတတ်သည်။

အိမ်မက်ကြောင့်ရော၊ တရိပ်ရိပ် တက်လာသည့် အဖျားကြောင့်ရော စိတ်တွေ မကြည်လင်ရသည့်အထဲ Leo ကပါ သူ့ကို စိတ်မရှည်သည့်ပုံစံဖြင့် အော်ငေါက်လိုက်သဖြင့် ဝမ်းနည်းစိတ်တွေ ဆထပ်တိုးကာ သူ ရင်နာလာရသည်။

ဝဲတက်လာသည့် မျက်ရည်တွေကို Leo မမြင်စေလိုသောကြောင့် ချက်ချင်း နားကြပ်ထိုးကာ မျက်နှာလွဲထားမိခြင်း။

သူ့လုပ်ရပ်ကြောင့် Leo ပို၍ စိတ်ဆိုးသွားနိုင်သည်ဆိုတာ သိနေပေမယ့် သူ အာရုံမထားတော့။

ဒီနေ့ ဆုံရတာ နောက်ဆုံး ဖြစ်လောက်သည်ဆိုသည့် အသိစိတ်က သူကို တမျှဥ်းမျှဥ်း နှိပ်စက်နေသည်။
ထို မျက်နှာလေးကို ငေးမော ကြည့်နေချင်မိသော်လည်း စိတ်ပြတ်မှ ဖြစ်မည်ဟု ကိုယ့်ကိုယ်ကို သတိပေးကာ ဆန္ဒတွေကို မရမက ထိန်းချုပ်ထားလိုက်သည်။

ဘာဆိုဘာမှ အကြောင်းမသိ ယုတ်စွအဆုံး နာမည်အရင်းတောင် မသိသည့် လူတစ်ယောက်ကို ငြိတွယ်နေခြင်းက ခန့်ညားရှိန်အဖို့ ရေရှည် ကောင်းကျိုး မပေးနိုင်ပေ။
မစခင် အဆုံးသတ်လိုက်ခြင်းက နှစ်ဖက်လုံးအတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

OH...My Beloved BadassWhere stories live. Discover now