Chapter 21

16.7K 1.9K 93
                                    

(Unicode)

"ဝှားးးး ဘယ်နှစ်နာရီတောင် ရှိနေပါလိမ့်။”

မျက်နှာချင်းဆိုင်နံရံမှ တိုင်ကပ်နာရီကို မမြင်မကန်း လှမ်းကြည့်မည့်အစား ကုတင်ဘေးရှိဖုန်းကို ယူကာ ဖွင့်ကြည့်လိုက်သည်။

Home screen တွင် မြင်ရသည်နှင့် စိတ်ကြည်လင်စေသည့် ဓာတ်ပုံလေး ရှိနေပြီ မဟုတ်ပါလား။

တွေးလက်စနှင့် မနေ့က အကြောင်း ပြန်ရောက်သွားတော့ နှုတ်ခမ်းတွေက အလိုလို ကွေးညွတ်သွားသည်။

မနေ့က အကျီ Brand တစ်ခုနှင့် ချိတ်ဖို့ သွားဆွေးနွေးရာတွင် Leo က သူ့ကို ခေါ်သွားခဲ့သည်။

ထို အမျိုးသမီးနှင့် Leo ပြောဆို ဆွေးနွေးနေသမျှ အကြောင်းအရာတွေကို တစ်နာရီကျော် ပါးစပ် အဟောင်းသားနှင့် နားထောင်ရပြီးနောက် ခန့်ညားရှိန် ပျင်းရိ အီစိမ့်လာသည်။
ထို အမျိုးသမီးကလည်း လိုတာရော၊ မလိုတာရော မေး၍ မဆုံးနိုင်။
ထို Brand သီးသန့်ဆိုင်၏ အနောက်ဘက်ရှိ ရုံးခန်းလေးထဲတွင်သာ တွေ့ကြခြင်း ဖြစ်၍ အခန်းကျဥ်းထဲတွင် သူမ၏ အသံဆာဆာကြီးကသာ လွှမ်းမိုးနေသည်။

Leo အသံ ဘောက်ဆတ်ဆတ်က နားဝင်ပီယံ ရှိသော်လည်း သူမ အသံ​ပြဲကြီးကိုတော့ ခန့်ညားရှိန် ကြာရှည် မခံစားနိုင်တော့။
အာရုံ လွှဲလို လွှဲငြား၊ Leo မျက်နှာကိုသာ ငေးနေဖို့ ကြိုးစားပြန်တော့လည်း အနားတွင် မတ်တပ်ရပ်နေသော လက်ထောက် မိန်းကလေးက မသင်္ကါသလို လှမ်းကြည့်ပြန်သည်။

ဘယ်လို အထင်ခံရ အထင်ခံရ ခန့်ညားရှိန်ဘက်က အမြတ်ချည်းသာ ဖြစ်သော်လည်း Leo ကိုတော့ လုပ်ငန်းခွင်တွင် သူ့ကြောင့်နှင့် ယုန်ထင်ကြောင်ထင် အထင်မခံရစေချင်။

စိတ်အိုက်အိုက်နှင့် ဘာလုပ်ရမည်မှန်းမသိသည့်အဆုံးမှာတော့ ဖုန်းထုတ်ကာ Fb ပွတ်မိသည်။
လူတစ်ယောက် စကားပြောနေစဥ် ထိုကဲ့သို့ မပြုမူသင့်မှန်း သိပေမယ့် ထိုအခြေအနေတွင်တော့ ခန့်ညားရှိန် တကယ် မတတ်နိုင်ခဲ့။

Leo က သူ့ကို စောင်းကြည့်ကာ မသိမသာ မျက်မှောင်ကုတ်ပြသည်။
ရှေ့ရှိ စာရွက်ကို ထောက်ကာ အာပေါင်အာရင်းသန်သန်ပြောနေဆဲ ဖြစ်သော ထိုအမျိုးသမီးကို မျက်စပစ်ရင်း ခန့်ညားရှိန် အသနားခံသလို မျက်နှာငယ်ပြလိုက်တော့ Leo က ရယ်ချင်စိတ်ကို ထိန်းထားရသည့်ဟန်နှင့် နှုတ်ခမ်းကိုက်သည်။

OH...My Beloved BadassWhere stories live. Discover now