Chapter 57

13.3K 1.6K 111
                                    

(Unicode)

"တီးတောင်...တီးတောင်...”

"ဒေါက်တာ နွယ်နီ အရေးပေါ် အခန်း ၃ ကို သွားပေးပါ။”

"အောက်ဆီဂျင် သုံးဘူး ထုတ်သွားတာ မနက်ကတည်းက...”

တံခါးကို အသည်းအသန် တွန်းဖွင့်လိုက်လိုက်ချင်း ကြားရသော ဝရုန်းသုန်းကား စကားသံတွေ။

ခန့်ညားရှိန် နားထဲ ဆူဝေရုံမက လျှံပင်ကျနေ သလို...

ရင်တစ်ခုလုံး လှိုက်မောလွန်းသဖြင့် အသက်ရှူမှန်အောင်ပင် မနည်း ကြိုးစားနေရသည်။
ဆံခြည်မျှင် သွေးကြောလေးတွေ၏ ခုန်သံက အစ သူ အတိအကျ ခံစားနေမိသလို...
Reception မှ အမျိုးသမီး၏ အပြုံးနုနုက သူ့ရင်ကို ဆယ်ဆလောက် ပိုမို ပူလောင်သွားစေသလို ခံစားရသည်။

"ဘာများ အကူအညီပေးရပါမလဲရှင်။”

လည်ချောင်းတွေ ခြောက်ကပ်ကာ သူ ဘာပြန်ဖြေရမှန်းမသိ။

ဘာ အကူအညီလိုနေလဲတဲ့...

မသိ...သူ တကယ် မတွေးတတ်...

"ကျွန်...ကျွန်တော်တို့ကို ဖုန်းဆက်လို့။
အမြန်လမ်းမှာ ကား accident ဖြစ်တယ်ဆိုတာ...”

နံဘေးမှ ခွန်း၏ ပျာယိပျာယာ အသံကို ကြားမှ သူ သတိပြန်ဝင်လာမိသည်။

"ခု အခြေအနေ ဘယ်လိုလဲ။
သူ ဘယ်...ဘယ်မှာလဲဟင်။
ကျွန်တော့်အဖေ ဘယ်မှာလဲဟင်။”

သူ့ အလောတကြီး အမေးပင် မဆုံးသေး။
သူနာပြုမလေး တစ်ဦးက အနားသို့ ချက်ချင်းရောက်လာသည်။

သူမ ဘာတွေ ပြောနေလဲ သူ သိပ်မသဲကွဲ။
သို့သော်လည်း သူ့လက်ကို ဆုပ်ကိုင်ထားသည့် ကြမ်းရှရှ လက်ဖဝါး တစ်ဖက်၏ ဆွဲခေါ်ရာနောက်ကိုတော့ သူ ထပ်ချပ်မကွာ လိုက်ပါသွားမိသည်။

Reception ၏ ညာဘက် အချိုးတစ်ခုကို ရောက်သည်နှင့် စာရွက်ကိုင်ထားသော ဆရာဝန် အမျိုးသမီး တစ်ဦးက ပြေးဝင်လာသည်။

"ဦးမိုးမြင့်ရှိန်ရဲ့ လူနာရှင်လား။”

"ဟုတ်...ဟုတ်ပါတယ်။
ဟုတ်ပါတယ် သူက ကျွန်တော့်အဖေပါ...
ကျွန်တော့်အဖေပါ။
သူ့ အခြေအနေ ဘယ်လိုလဲဟင်။”

OH...My Beloved BadassWhere stories live. Discover now