Chapter 19

17.1K 2.1K 120
                                    

(Unicode)

မနက်ခင်း Leo ဆီမှ ပြန်လာပြီးကတည်းက ခန့်ညားရှိန် တစ်နေကုန် ဖင်မငြိမ်နိုင်။
နားစွန်နားဖျား ကြားခဲ့သော project အကြောင်းသာ စိတ်ရောက်နေသဖြင့် ဖေဖေ့ အိမ်ပြန်အလာကို တမျှော်မျှော် ဖြစ်နေမိသည်။

ညနေစောင်းတွင် ရောင်နီက Club အသစ်တစ်ခုတွင် ဆုံရန် ချိန်းသည်ကိုပင် သူ မသွားအား။
သူ ပြန်လာသည့်အချိန် ဖေဖေ့နှင့် လွဲသွားမည်စိုး၍ တစ်နေကုန် ဇွဲကောင်းကောင်း စိတ်ရှည်လက်ရှည်နှင့် ထိုင်စောင့်နေခဲ့ရသည်။

ဖုန်းဆက်တော့လည်း ဖေဖေက ဒီည ပြန်လာမည်ဆိုတာက လွဲ၍ ဘာမှ ထပ်မပြောတော့ဘဲ ဖုန်းချသွားသည်။
အလုပ်မအားတာမှန်း ကျိန်းသေသဖြင့် သူ ထပ်ဆက်ဖို့လည်း မဝံ့ရဲတော့။

ခန့်ညားရှိန် အဖြစ်က အရုပ်ဝယ်လာမည့် အဖေ၏ အိမ်ပြန်အလာကို မျှော်နေသည့် ငါးနှစ်သား ကလေးနှယ် ဆန့်တငင်ငင် နိုင်လှသည်။

အိမ်ရှေ့အိမ်နောက် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ဉာဥ့်နက်လာသည့် အချိန်မှာတော့ သူ စိတ်ကလေး လျှော့ကာ ရုပ်ရှင်လေး တစ်ခုခု ကြည့်ရင်း စောင့်ဖို့ ဆုံးဖြတ်လိုက်သည်။

Sky net channel များကို တစ်ခုပြီး တစ်ခု ရွှေ့ကြည့်ရင်း အစားအသောက် Channel မှ ခေါက်ဆွဲကြော်များကို မြင်မိတော့ မနက်က အဖြစ်အပျက်ကို ပြန်မြင်ယောင်ကာ ပြုံးမိသွားသည်။

နန်းကြီးသုတ် ဆီပေနေသည့် ပန်းရောင်ဖျော့ နှုတ်ခမ်းပါးလေး။
ပလုတ်ပလောင်း စားရင်း ​ပြောသော စကားသံ ဗလုံးဗထွေး။
ရေဘူးဖုံးဖွင့်ခြင်း၊ တစ်ရှူးထုတ်ခြင်းတို့မှအစ အပြုအမူ အရာအားလုံးက ချစ်စဖွယ်အတိ။

ပါးစပ်ကသာ ဆယ်မိနစ်ဟု ပြောနေခဲ့သော်လည်း သူ စားပြီးသည်အထိ စိတ်ရှည်လက်ရှည် စောင့်နေပေးမှုလေးက ပြန်တွေးမိတိုင်း ရင်ခုန်သံတွေကို တသိမ့်သိမ့် လှုပ်ခတ်စေသည်။

Leo နှင့်အတူ စားထားသည့် မနက်စာလေးတွေဟု တွေးကာ နှ​ေမျာေနေသဖြင့် ခန့်ညားရှိန်မှာ အိမ်သာတက်ရသည်ကိုပင် စိတ်ထဲ တနုံ့နုံ့။
မနက်က အိမ်ပြန်လမ်းတွင် ကလေးတွေကို မုန့်ဝေပေးရင်း အစ်ကို့ကို ခွန်းဆိုတဲ့ အစ်ကိုကြီး ပြန်ကြိုက်အောင် ဆုတောင်း ပေးကြဟု ပြောမိတော့ ကလေးတွေခမျာ နားဝေတိမ်တောင်အူကြောင်ကြောင်ဖြင့် သင်ပေးသည့်အတိုင်း ပြောပေးကြရှာသည်။

OH...My Beloved BadassWhere stories live. Discover now