Chapter 18

18.6K 2K 63
                                    

(Unicode)

အစ်ကို ဇေယျာဘက်မှ ဖုန်းချသွားသည်နှင့် ခွန်းထက်မာန် သက်ပြင်းမောကြီး ချလိုက်မိသည်။
ခဏနေ သွားရတော့မည့် အလုပ်ကိစ္စအတွက်ပင် စိတ်မပါချင်တော့ပေ။

လောလောလတ်လတ် စားထားသမျှ နန်းကြီးသုတ်တွေကိုပင် အန်ထုတ်ပစ်ချင်သည်အထိ စိတ်ပျက်သွားမိသည်။

Cas ကိစ္စ ဖြစ်ပြီးက အန်ကယ်က သူ့ကို လက်ရုံးရည် သုံးရသော ကြီးကြီးမားမား လျှို့ဝှက်အလုပ်တွေ မပေးသေး။
သာမန် ညှိပေး၊ သတင်းစုံစမ်းပေးတာလေးတွေသာ လုပ်ခွင့်ရသည်မှာ တစ်ပတ်ကျော်ပြီ ဖြစ်သည်။

သို့သော်လည်း သူ နားလည်ပေးနိုင်သည်။
ဘယ်လို official မဟုတ်ဘူးဘဲ ဆိုဆို၊ Cas က Estela နှင့် ဆက်နွယ်နေသည့် လူတစ်ယောက်ပင်။
Leo က Cas ကို ဆေးရုံတွင် တစ်ပတ်နီးပါး သတိမလည်နိုင်သည်အထိ ထိုးကျိတ်လိုက်သည် ဆိုသည့် သတင်းမှာ Estela အတွက် အလုပ်လုပ်ပေးနေသူ အားလုံးကြား ဟိုးလေးတကျော် ဖြစ်သွားမှာ ကျိန်းသေလှသည်။

ထိုသတင်းကြောင့် အလန့်တကြား ဖြစ်သွားရသမျှတွေကိုလည်း အန်ကယ်နှင့် အစ်ကိုဇေယျာ အတော်လေး ရှင်းလိုက်ရမည်မှန်း သူ သဘောပေါက်သည်။
ထို့ကြောင့် ဒီတစ်ပတ်အတွင်း ဘာမှ အထွန့်မတက်ဘဲ ငြိမ်နေခဲ့ခြင်းပင်။

အရင်က အလားတူ ကိစ္စမျိုး ကြုံရရင်လည်း အနည်းဆုံး နှစ်ပတ်လောက်တော့ သူ အခုလို အသေးအဖွဲတွေနှင့်သာ အချိန်ကုန်ရမြဲပင်။
Leo လုပ်မှ ဖြစ်မှာမို့လို့ပါဟု အန်ကယ်က လှည့်ပတ်ပြောတတ်သော်လည်း တကယ်တမ်းတော့ သူ့ စိတ်အဆင်ပြေသည်အထိ စောင့်ကြည့်ခြင်းမှန်း သူ နားလည်ပါသည်။

သို့သော်လည်း အခု ခိုင်းသည့်ကိစ္စကတော့ အတော့်ကို အဆင်မပြေတော့။

အမရပူရ ကိစ္စ ချောချောချူချူ အောင်မြင်ခြင်းနှင့်အတူ ဦးမိုးမြင့်ရှိန်တို့ဘက်က အန်ကယ်ကို စီးပွားရေး စပ်တူကိစ္စတစ်ချို့ ကမ်းလှမ်းလာသည်ဟု အစ်ကို ဇေယျာက လွန်ခဲ့သည့် လေး၊ငါးရက် ကတည်းက ပြောထားသည်။
သို့သော်လည်း သူ သိပ်စိတ်ထဲမရှိ။
Estela ၏ တရားဝင် စီးပွားရေး အပိုင်းတွေက သူနှင့် ဆိုင်သည့် ကိစ္စ မဟုတ်ဟုသာ ခံယူထားခဲ့သည်။

OH...My Beloved BadassWhere stories live. Discover now