Chapter 15

19.3K 2.2K 72
                                    

(Unicode)

"အင်း ဒါပေမယ့် ကျွန်တော် အိပ်ရမှာ နှမြောတယ်။”

အနှောင့်အသွား မလွတ်သည့် စကားကို ဒုတိယ အကြိမ် ထပ်ကြားရအပြီးမှာတော့ ခွန်းထက်မာန် စိတ်ထဲ အတော်လေး ကိုးလို့ကန့်လန့် ဖြစ်လာရပြီ ဖြစ်သည်။

မသိမသာ စောင်းငဲ့ကြည့်လိုက်တော့ ထိုကောင်လေးက သူ့ကို မှုန်ရီရီ မျက်ဝန်းတွေနှင့် ငေးကြည့်နေဆဲပင်။

မနေသာ မထိုင်သာ ခံစားချက်ကြီးကြောင့် သူ တံတွေးသာ မျိုချလိုက်မိသည်။
တစ်စုံတစ်ခု အော်ငေါက်သလို ပြောလိုက်ချင်သော်လည်း ရုတ်တရက် ဘာမှ စဥ်းစား၍ ထွက်မလာ။

မသိချင်ယောင်ဆောင်ဖို့သာ ဆုံးဖြတ်လိုက်ပြီး ကောင်လေးကို လုံးဝ လှည့်မကြည့်တော့ဘဲ ရှေ့တည့်တည့်ကိုသာ အာရုံစိုက်ပြီး မောင်းနေလိုက်တော့သည်။
စိုက်ကြည့်နေမည့် မျက်ဝန်းတွေနှင့် ထပ် အကြည့်ချင်း မဆုံချင်တာမို့ ဘက်မှန်ပင် မကြည့်မိ။

နောက်ဆယ့်ငါးမိနစ်ခန့် အကြာတွင်တော့ သူ အတော်လေး ငြီးငွေ့လာသည်။
မလိုအပ်ပါဘဲနှင့် ရှေ့တည့်တည့်က ကတ္တရာလမ်းမကြီးကိုသာ မလှုပ်မယှက် ပြူးတူးပြဲတဲ ကြည့်နေမိခြင်းကြောင့် ဇာတ်တွေတောင့်ကာ မျက်လုံးတွေပါ ညောင်းလာသည်။

ခါတိုင်းဆို ဒီနေရာလောက်ရောက်လျှင် ဖုန်းမှ playlist လေးကို bluetooth နှင့် ချိတ်ကာ ဖွင့်နေကြပင်။
သီချင်းလေးကို တိုးဖွဖွ လိုက်ငြီးရင်း စိတ်ပင်ပန်းရသမျှတွေကို ဖြေလျှော့ရသည့် ရှားပါးလွန်းသော အနားယူချိန်လေးပင်။

အခုတော့ ငကြောင်ကောင် ကောင်းမှုကြောင့် ခေါင်းပင် မစောင်းရဲသည့် အဖြစ်။

ငကြောင်ကောင်ကလည်း ဒီနေ့မှ ထူးဆန်းစွာ စကားနည်းနေသည်။
အစက နားညည်းသက်သာသည်ဟု တွေးခဲ့သော်လည်း တဖြည်းဖြည်းနှင့် သူ့ စိတ်ထဲ တစ်မျိုးကြီး ဖြစ်လာသည်။

လူနှစ်ယောက်ရှိနေလျက် ဤမျှ တိတ်ဆိတ်နေတာကတော့ မဖြစ်သင့်ဘူး မဟုတ်လား။
အခုက ခရီးသွားဖော် တစ်ယောက် ဘေးတွင် ထိုင်နေခြင်းထက် မကျွတ်လွတ်သည့် တစ္ဆေတစ်ကောင် ကားပေါ် ကပ်ပါလာသည်နှင့် ပိုတူနေသည်။

OH...My Beloved BadassWhere stories live. Discover now