Chapter 23

16.7K 2K 192
                                    

(Unicode)

"ဦးစိုင်းလုံက နမ့်ခမ်းမြို့တစ်ဝိုက်မှာ အတော် နာမည်ကြီးတယ်။
ဟန်ပြ လိမ္မော်ခြံ၊ စပျစ်ခြံ လုပ်ငန်းတွေ ရှိပေမယ့် နောက်ကွယ်မှာ တရားမဝင် လုပ်ငန်းတွေလည်း အများကြီးပဲ။
အရေးအကြောင်းဆို သူ့ ဝင်ငွေတွေကို ခွဲခြမ်းပြနိုင်ဖို့ ဟန်ပြ
ဒီတရားဝင်လုပ်ငန်းတွေဆီမှာ လာ မြှုပ်နှံတဲ့ သဘော။
ငါတော့ အဲ့လူကြီးရဲ့ ပုံစံကို သိပ်သဘောမတွေ့ပေမယ့် လောလောဆယ် သူက အဆင်အပြေဆုံးမို့လို့။”

ဦးစိုင်းလုံက ဘယ်သူလဲဆိုသည့် ခန့်ညားရှိန်၏ အမေးကြောင့် စာချုပ်များကို ပြန်စစ်ရင်း ခွန်းထက်မာန် ဖြေကြားပေးနေရသည်။
အာရုံနှစ်ခွ ဖြစ်နေ၍ မပြောသင့်သည့် အကြောင်းအရာများပါ လွှတ်ခနဲ ထွက်မသွားမိအောင် မနည်း ထိန်းနေရသည်။

"အဲ့တာကြောင့် သူတို့က လူသိ သိပ်မခံချင်ဘူး။
မင်းကို ခေါ်လာတာကိုလည်း သူတို့ သိပ်ကြည်မှာ မဟုတ်ဘူး။
ငါက မင်းလည်း နောက်ဆို လုပ်ငန်းသဘော ကျွမ်းကျင်ပါစေတော့ ဆိုပြီး ခေါ်လာတာ။
အဲ့တာကြောင့် ငါနဲ့ ပြောနေတဲ့ အချိန် အေးအေးဆေးဆေး ငြိမ်ငြိမ်ကုပ်ကုပ် နားပဲထောင်နေ။
ဝင်ရှုပ်ရင် ပွဲပျက်သွားလိမ့်မယ် သဘောပေါက်လား။”

အဆုံးသတ်တွင် သတိပေးသလို လေသံမာမာနှင့် ပြောလိုက်တော့ ကားမောင်းနေသော ခန့်ညားရှိန်က ခေါင်းသာ ပြန်ညိတ်ပြသည်။
ခါတိုင်းလို Leo ကလည်း ဘာညာဆိုပြီး စောဒကတွေ တက်မနေ။

ဒီနေ့မှ ခန့်ညားရှိန်က ထူးထူးခြားခြား တိတ်ဆိတ်လွန်းနေသည်။
အမြဲလိုလို ဝတ်နေကြ အပြောင်ပြောင်အလက်လက် ဂျာကင်များအစား အနက်ရောင် ရှပ်အကျီလက်ရှည်ကိုသာ ဝတ်ထားသဖြင့် အနည်းငယ် တည်တည်ကြည်ကြည် အသွင်ပေါ်နေသည်။
ရှုပ်ပွနေတတ်သော ဆံပင်များကို အကုန် လှန်တင်ကာ သေသေသပ်သပ် ဖြီးသင်ထားသဖြင့် မျက်နှာအသွင်အပြင်က ပုံမှန်ထက် ပို၍ လူကြီးဆန်နေသည်။

ပြန်လည် အေးစက်သွားသော ကားထဲရှိ လေထုကြောင့် ခွန်းထက်မာန် စိတ်ထဲ တစ်မျိုးကြီး ဖြစ်လာသည်။
ဟိုတစ်ရက်က အစ်ကိုဇေယျာနှင့် ကိစ္စကို ခန့်ညားရှိန် အခဲမကျေသေးတာလားတော့ မပြောတတ်။

OH...My Beloved BadassWhere stories live. Discover now