Chapter 5

28.3K 2.9K 212
                                    

(Unicode)

ခွန်းထက်မာန် အခန်းတံခါးခေါက်လိုက်တော့ အထဲမှ အသံအောအောကြီး ထွက်လာသည်။

"ဘယ်သူလဲ။
လာ မနှောက်ယှက်နဲ့လို့ ငါပြောထားတယ် မဟုတ်လား။”

သူ မျက်လုံးလှန်လိုက်မိသည်။

ဒီလို ကျက်သရေတုံးမျိုးက ဒီလို အချိန် ဒီလို နေရာမှာ မတော်တရော် အနေအထားတွေနဲ့ပဲ မြင်ရမယ်ဆိုတာ ကျိန်းသေနေသော်ငြား....

မတွေ့ချင်ဆုံးသော မြင်ကွင်းတွေ မမြင်ရဖို့ သူ မရမက ဆုတောင်းလိုက်မိသေးသည်။

"ဧည့်သည် တစ်ယောက်က ပစ္စည်းအဆန်းလေး ပြချင်တယ်ဆိုလို့ပါ သူဌေး။”

ခွန်းထက်မာန် ပြောလိုက်တော့ တစ်ဖက်က စက္ကန့် အချို့ကြာအောင် ငြိမ်သက်သွားသည်။

ဂျောက်ခနဲ တံခါးလော့ဖွင့်သံနှင့်အတူ မြင်လိုက်ရသည်က အပေါ်ရော၊ အောက်ပါ မလုံခြုံသော မိန်းကလေးတစ်ဦး။

တစ်ကိုယ်လုံး အနက်ရောင် အဝတ်အစားနှင့် မျက်နှာဖုံးပါ တပ်ထားသော သူ့ကို မြင်တော့ မိန်းကလေးက အတော်လန့်သွားပုံပေါ်ကာ ဘေးကို အမြန် ကပ်လိုက်သည်။

မိန်းကလေး ဖယ်သွားသည်နှင့် ထိပ်ပြောင်ဗိုက်ပူလူကြီးက ခွန်းထက်မာန်၏ မြင်ကွင်းထဲသို့ ဝင်လာသည်။

"ဟင် မင်း မင်း Leo ဟုတ်တယ်မလား။”

အနောက်က တံခါးကို လှည့်ပိတ်နေရာမှ ခွန်းထက်မာန် မျက်ခုံးပင့်လိုက်မိသည်။

ဒီလူကြီးက သူ့ကို သိနေသားပဲဟ။

ရုတ်တရက် ဘေးကိုလှည့်ကာ အလန့်တကြား ဖြစ်နေသော မိန်းကလေး၏ ဇာတ်ပိုးကို ဖြောင်းခနဲ ရိုက်ချလိုက်သည်။
စိတ်မကောင်းပေမယ့် မတတ်နိုင်။
ထို မိန်းကလေးက ပြေးထွက်သွားကာ ဆူဆူပူပူတွေ လုပ်နေလျှင် အချိန်တွေ နှောင့်နှေးကုန်မည်။

ထိုလူကြီးက အလန့်တကြား ထရပ်ဖို့ လုပ်သဖြင့် သူက ဦးအောင် ပြေးသွားကာ လည်မျိုကို ဖိညှစ်ထားလိုက်သည်။

"ပြောပါဦး။
ပဲခူးမြို့စွန်က မြေကွက်တွေကို တင်ဒါအောင်ပြီးသား Hy Asia ကုမ္မဏီဆီကနေ ကွက်ကျော်ရိုက်ပြီး ဦးဓနကြွယ် လက်ထဲ ထည့်ပေးဖို့ လုပ်နေတဲ့ အကြောင်းလေး။”

OH...My Beloved BadassWhere stories live. Discover now