Chapter 67 (Part 2)

13.1K 1.5K 89
                                    

(Unicode)

7mins earlier

"လမ်းကြောကို ဒီဘက်ကို ယူထားလိုက်တော့ ခန့်ညားရှိန်။”

ဘေးမှ ဇေယျာသော်၏ စကားကို ကြားသည်နှင့် သူ ဘက်မှန်ပင် မကြည့်ဘဲ ညာဘက်သို့ ဆတ်ခနဲ ပြောင်းယူချလိုက်သည်။

သတ်မှတ်ကီလိုထက် အတော်ကြီးကို မြင့်နေပြီ ဖြစ်၍ ကားကတော့ ယိမ်းချင်ချင်။

ထို့အတူ သူ့ရင်တစ်ခုလုံးလည်း ဗြောင်းဆန်ကာ လူပါ ယိမ်းယိုင်ထိုးနေသလို ခံစားရသည်။
လက်နှစ်ဖက်လုံးသာမက တစ်ကိုယ်လုံးလည်း ချွေးစေးတွေနှင့် နင့်နေသဖြင့် စတီယာတိုင် ချော်ထွက်သွားမှာကိုပင် စိုးရိမ်ရမလို...
ကားမှ ထွက်ရုံမျှ စက်သံထက် သူ့နှလုံးခုန်သံ တဒုန်းဒုန်းက အဆပေါင်းများစွာ ပိုကျယ်နေသည်ဟု ထင်မိသည်။

ဟူးး စိတ်လျော့ ခန့်ညားရှိန်...
ခွန်းကို တွေ့ရတော့မှာပါ...
စိတ်ကို အေးအေးထား...

အသက်ကို မှန်အောင် ရှူဖို့ ကြိုးစားရင်း ဖြည်းဖြည်းချင်း စိတ်ကို လျော့ကြည့်နေတုန်းမှာပဲ...

"မင်းကိစ္စတွေကို လိုက်စုံစမ်းမိတာ ငါ တောင်းပန်ပါတယ်”

ရုတ်ချည်း ဘာမှန်းမသိ အဆက်အစပ် မရှိ စကားကြောင့် ခန့်ညားရှိန် ကြောင်ထွက်သွားသည်။

"ဘာကြီး?”

လှည့်မကြည့်ဘဲ သူ မေးလိုက်တော့ သက်ပြင်းချသံ သဲ့သဲ့က ထွက်လာသည်။

"ဟိုတစ်ခါက မင်းကိစ္စတွေကို လိုက်စုံစမ်းမိတာ။
အဲ့တာ ငါ တောင်းပန်ပါတယ်လို့။
မာန်ကို ပြောပြီးပေမယ့် မင်းကို မပြောရသေးလို့။”

ဘာလား...

ဒီလူ ရူးကြောင်မူးကြောင်နဲ့...အဆက်အစပ် မရှိ။

"ကျွန်တော်ကတော့ ခင်ဗျားကို စော်ကားပြောဆိုထားသမျှ ဘာဆိုဘာမှ မတောင်းပန်နိုင်ဘူး။
ခင်ဗျားနဲ့ တန်လို့ အပြောခံရတယ်ပဲမှတ်။”

တမင် ပြောပေးလိုက်တော့ ဟင်းခနဲ နှာခေါင်းရှုံ့သံက အလုံပိတ်ကားထဲ သိသိသာသာ ဟိန်းထွက်လာသည်။

မှတ်လောက်သားလောက်လေး ဖြစ်သွားပြီမလား...

အခြေအနေ၊ အချိန်အခါမကြည့်ဘူး။
အာရုံလာနောက်နေတယ်။

OH...My Beloved BadassWhere stories live. Discover now