[Unicode]
Chapter 60
"ငါ? ဘာလို့ ငါလဲ?"
ဝမ်းရှောင်ဟွေး အတော်လေး ထိတ်ပျာသွားသည်။ အသားထဲထိ ထိုးဖောက်မတတ် စူးရှအဆိပ်ပြင်းပါသော ချန်းရှင်းရဲ့မျက်လုံးတွေကို သူမှတ်မိသည်။ စိုက်ကြည့်လိုက်ရင် လူကို ဖောက်ထွင်းမြင်နိုင်လေသယောင်နှင့် တကယ်ကို ကြောက်လန့်ဖွယ်အတိ...
"ကျွန်တော်တို့ အပြန်အလှန် သိတဲ့လူဆိုလို့ ကောတစ်ယောက်ပဲရှိတယ်လို့ တွေးလို့ဖြစ်လောက်မယ်"
"ချိုင်ဟိုင်ကရော?"
"မားကို သတ်သေဖို့ သူ ခြိမ်းခြောက်တုန်းက မားသာ သူစေသလို ချက်ချင်း မလုပ်ခဲ့ရင် သူ ချိုင်ဟိုင့်ကို ဟိုးအစောတည်းက အသေသတ်ပြီးလောက်ပြီ။ အဲ့တာကြောင့် ချိုင်ဟိုင်က သူနဲ့ မတွေ့ရဲဘူး..." လော့ရိက ခေါင်းငိုက်စိုက်ကျသွားပြီး လေးလေးနက်နက် ပြောလာ၏... "ကော သွားဖို့ မလိုပါဘူး"
ဝမ်းရှောင်ဟွေး တခဏမျှ တွေးကြည့်လိုက်သည်... "အဲ့ပစ္စည်းသွားပို့ရုံပဲမလား? ပေး၊ ဘယ်ကို သွားပို့ရမှာလဲ?"
ဒီကိစ္စသာ မြန်မြန် ဖြေရှင်းပြီးလိုက်နိုင်ရင် သူနှင့် လော့ရိလည်း အမြန် လွတ်မြောက်နိုင်မည်...
"သူက ကောသိတယ်ပြောတယ်"... လော့ရိ၏ မဟူရာရောင် မျက်ဆံနက်တို့သည် အဆုံးမရှိသော တွင်းချောက်ပမာ နက်ရှိုင်းလျက် မျက်ဝန်းတို့သည် တစ်ဖက်လူအား ၄င်းချောက်နက်တွင်းသို့ သက်ဆင်းလာစေရန် ဖွင့်ဟစောင့်ကြိုနေ၏။
"ဟုတ်ပြီ" သူ့ကို ပြီးခဲ့တဲ့အခေါက်က ခေါ်သွားခဲ့သည့် ဟိုတယ်ပဲဖြစ်ရမည်...
"ကောနောက်ကိုလိုက်ကာကွယ်ပေးဖို့လူတစ်ယောက် ကျွန်တော် ရှာထားမယ်" လော့ရိက သူ့ကိုကြည့်ကာ... "အဲ့လူ ဘာပြောပြော ထိတ်ပျာမသွားနဲ့"
"အင်း" ဒီလို လူသွားလူလာအပြည့်ရှိတဲ့ မြို့လယ်ခေါင်က ဟိုတယ်ဆီသွားဖို့အတွက်ကတော့ တကယ်တမ်း ဝမ်းရှောင်ဟွေး အရမ်းတွေ ကြောက်မနေမိ... "ပစ္စည်းကရော?"
"အိမ်မှာ၊ အလုပ်ဆင်းရင် ကျွန်တော့်ဆီ လာခဲ့.."
"မလာဘူး၊ ငါ့ဆီ ပို့လိုက်"