[Unicode]
Friendly reminder - အဆင်ပြေရင် ဖြည်းဖြည်းအေးအေးဆေးဆေးလေးဖတ်ပေးပါနော်...
Chapter 100
ဆေးရုံကုတင်ပေါ် လဲလျောင်းမေ့မျောနေတဲ့ လော့ရိကိုကြည့်ရင်း ဝမ်းရှောင်ဟွေး ဒါကို လက်တွေ့ရယ်လို့ အခုထိ မယုံကြည်နိုင်သေး...
မတွေ့ရတာ သုံးလတာ...
လော့ရိက အတော်လေး ပိန်ကျသွားသည်။ လူက ဖြူဖပ်ဖြူရော်၊ ညှပ်ရိုးနှစ်ဖက် ထင်းထင်းပေါ်နေပြီး နှုတ်ခမ်းများက သွေးဆုတ်လျက် မြင်ရသည်မှာ အလှပဆုံးပုံဖော်ထုဆစ်ထားသော သက်မဲ့ပန်းပုရုပ်ထုနှယ်။ လှုပ်ရှားမှု ခပ်ပြေပြေမြင်ရသော နှာခေါင်းထိပ်လေးနှင့် နိမ့်ချည်မြင့်ခြည်လေးလှုပ်ရှားနေသော ရင်အုပ်ကျယ်ကျယ်တို့ကသာ ဒီလူသား အသက်ရှင်နေကြောင်း သက်သေပြနိုင်သည်။
အသက်ရှင်တယ်...
လော့ရိ အသက်ရှင်တယ်...
ဝမ်းရှောင်ဟွေး သူ ဒီကြားထဲ ကြုံတွေ့ခံစားခဲ့ရသည်တို့အတွက် ဘာတွေဖြစ်ခဲ့တယ် မယုံနိုင်။ မျှော်လင့်ချက်ကင်းစွာ အရူးတပိုင်းဖြစ်နေတဲ့အချိန် သူ ကြိုးတစ်ချောင်း ရှာတွေ့လိုက်သည်။ သူ ထိုကြိုးစကို အသည်းအသန် လိုက်ဖမ်းဆုပ်ခဲ့သည်။ ရလဒ်အနေဖြင့် သူ ရေနက်ထဲက တကယ်ပဲ လွတ်မြောက်နိုင်ခဲ့ပြီး နောက်ဆုံးတော့ အသက်ရှူနိုင်ပြီ။
သူ့ရင်ဘတ်ကြီးထဲ ဒေါသ၊ ဝမ်းနည်းခြင်းနှင့် အမုန်းတရားတို့ ရောပြွန်းပြည့်သိပ်နေတော့သည်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူ ပျော်ပြီး ကျေးဇူးတင်နေမိပြန်သည်။ သူတစ်ယောက် စိတ်ကစဥ့်ကလျားဖြစ်ခြင်း၏ နှိပ်စက်မှုဒဏ်ကို အလူးအလဲခံစားနေရတော့၏။
ဘာတွေပဲဖြစ်ဖြစ် လော့ရိအသက်ရှင်သည်လေ... လော့ရိ သူ့ရှေ့မှာ အသက်ရှင်လျက် ပေါ်လာတာအချိန်မှာပဲ သူ့နှလုံးသားဟာလည်း ပြန်လည်ရှင်သန်လာခဲ့ပြီဖြစ်သည်။ ဆုံးရှုံးလိုက်ရပြီထင်ပြီးကာမှ အခုလိုပြန်လည်ပွေ့ပိုက်ပိုင်ဆိုင်ရခြင်းလောက် အဖိုးတန်သည်မရှိတော့။