[Unicode]
Edited ver.
Chapter 1
ကျယ်ကျဲရဲ့ နောက်ဆုံးတောင်းဆိုချက်လေးဖြစ်တဲ့ ကျဲရဲ့သားလေးကို စောင့်ရှောက်ပေးဖို့ကို ကျေးဇူးပြု၍လက်ခံပေးပါ။ သူက ဒီကမ္ဘာကြီးမှာ ကျယ်ကျဲထက် ပိုလို့အထီးကျန်နေရသူပါ
ဧပြီလတွင် ကမ္ဘာမြေဆီသို့ နွေဦးရာသီ တစ်ဖန်ပြန်လည်ရောက်ရှိလာပြီး၊ ပန်းမန်မာလာတို့နှင့် ဖူးပွင့်ဝေဆာကာ စိမ်းစိုလှပနေသော မနက်စောစောတွင် ကောင်းကင်ကြီးကလည်း ရေစင်နှင့်သန့်စင်ဆေးကြောထားသည့်နှယ် ပြာလဲ့တောက်ပလျက်ရှိသည်။ တစ်နှစ်အတွင်း ကြုံတောင့်ကြုံခဲလှသော ရာသီဥတုလေးပင် ဖြစ်ပါ၏။
မနက်ခင်းတွင် မဆိုစလောက်လေး အအေးပိုလျက်ရှိပြီး လေနုအေးကလည်း ကားပြတင်းပေါက်မှတစ်ဆင့် တဟူးဟူးဝင်ရောက်လာကာ ကားနောက်ခန်းထဲတွင် ရွဲ့ရွဲ့စောင်းစောင်း မူးယစ်ရီဝေနေသူအား နှာချေမိရအောင် အေးခဲသွားစေ၏။
"ရောက်ပါပြီခင်ဗျ"
တက္ကစီဆရာက မီတာဘောက်စ်၏ ခလုတ်ကိုနှိပ်လိုက်ရာ မီတာဘောက်စ်မှာ တတီတီမြည်ရင်း ကီလိုမီတာတွက်ထားသည့် ပြေစာစာရင်းပေါ်လာသည်။
ကျိန်းစပ်လေးလံနေသောမျက်ခွံများကို အားစိုက်ဖွင့်ပြီး ဝမ်းရှောင်ဟွေး ထထိုင်လိုက်သည်။
"ဟမ် ..... ရောက်ပြီလား"
"ရောက်ပါပြီ"
ညမောင်းတက္ကစီဆရာတွေသည် တစ်ညလုံး အလုပ်လုပ်ကြရသဖြင့် စိတ်လက်ကြည်သာနေသူ သိပ်ရှိမနေကြ။ ငမူးတစ်ကောင်ကို ဆွဲနေရလျှင်တော့ ပြောမနေပါနှင့်တော့။
နောက်ကြည့်မှန်မှ ကြည့်လိုက်တော့ မျက်နှာချောချောလှလှလေးကို တွေ့လိုက်ရသည်။ အရက်ကြောင့် မျက်ခွံများပင် မို့အစ်နေပြီး ဆံပင်တွေ ပွရှုပ်နေတာတောင် သူ့မျက်နှာမှာ ကြည်စင်လှပနေကာ မေးဖျားက သွယ်လျချွန်ထက်နေလျက် အသားအရည်က ထိမိပွတ်မိလျှင်ပင် ပြဲသွားတော့မလို။ အချိုးအစား သေးငယ်ငယ်လေးရယ်၊ အသားအရည်လှပမှုရယ်တို့ကို ထိုကပိုကယို ဖယိုဖရဲဖြစ်နေသည့်သွင်ပြင်က မကျော်လွန်နိုင်ဘဲ ကြည့်ကောင်းနေဆဲ။ ရုပ်က မိန်းမရုပ်နှင့် အထီးလေး။