[Unicode]
Chapter 104
လော့ရိကတော့ လူငယ်ဆိုတဲ့အတိုင်း လေ့ကျင့်ခန်း သေချာမှန်မှန်လုပ်ပေးရင်း ခန္ဓာကိုယ်က အမြန်ပဲ သက်သာလာခဲ့သည်။ ပတ်တီးတွေဖြည်တဲ့နေ့မှာတော့ ကုတင်ဘေးကနေပြီး ဝမ်းရှောင်ဟွေး မျက်တောင်မခတ်တမ်း ငေးစိုက်ကြည့်နေမိခဲ့သည်။ လော့ရိရဲ့ရင်ဘတ်ပေါ်တွင် ဖြန့်ကျက်နေရာယူထားသော အမာရွတ်တို့ကိုကြည့်ပြီး သူတစ်ယောက် ကြက်သေသေနေတော့၏။
လော့ရိက အင်္ကျီပြန်ယူဝတ်ပြီးနောက် ကြယ်သီးတပ်ရင်း သူ့အားစိတ်သက်သာစေရန်ပြောလာသည်... "ဘာမှမဖြစ်ဘူး...နည်းနည်းလောက်နေရင် အမာရွတ်ခပ်ရေးရေးလောက်ပဲကျန်ခဲ့မှာ"
ဝမ်းရှောင်ဟွေး သူ့လက်မောင်းကို ကိုင်ထားရင်း ရင်ထဲတွင် လေးလံတင်းကျပ်လာ၏။ ပါးစပ်က စကားတစ်ခွန်းပင် ပြောမထွက်နိုင်။
ဆရာဝန်ပြန်ထွက်သွားတော့ လော့ရိက ကုတင်ပေါ်ကဆင်း၊ ဝမ်းရှောင်ဟွေးနား လျှောက်လာပြီး အပြုံးလေးဖြင့်... "သတင်းကောင်းရှိတယ်"
"ဘာသတင်းကောင်း?"
"အရင်နမ်း"
ဝမ်းရှောင်ဟွေး ရယ်လိုက်ပြီး... "ကလေးကွက်တွေ"
"ဥပဒေမချိုးဖောက်ဘူးလေ...ရိုးရိုးသားသား ဉာဏ်များတာပါ"
ဝမ်းရှောင်ဟွေး ခြေဖျားလေးထောက်ပြီး သူ့ဘယ်ဖက်ပါးလေးကို တစ်ချက် နမ်းလိုက်သည်... "ပြောတော့"
လော့ရိက ခေါင်းကိုအနည်းငယ် ငုံ့လို့ သူ့နားနားကပ်ပြီး ပြောလာသည်... "ချန်းရှင်းကို ဖမ်းမိပြီ"
ဝမ်းရှောင်ဟွေး ပါးစပ်ဟောင်းလောင်းနှင့်... "တကယ်ကြီး??"
"တကယ်...နောက်လထဲကျ တရုတ်ရဲဖက်ကို လွှဲပေးလိမ့်မယ်"
ဝမ်းရှောင်ဟွေး အံကြိတ်လျက်... "အဲ့ဟာကြီး သေဒဏ်ကျအောင်ကို လုပ်ပစ်မယ်!"
လော့ရိက ခေါင်းခါပြီး... "သူ့ဘော်ဒီဂတ်က အကုန် သူလုပ်တာပါဆိုပြီး ခေါင်းခံလိုက်တာမလို့ အဲ့လူကို သေဒဏ်ထိ ဆွဲလို့ရနိုင်ဖို့ အမှုတွဲမခိုင်လုံတော့ဘူး... ဒါပေမယ့် စိတ်ချပါ..ကျွန်တော် သူ့ဒီတစ်သက် အပြင်ပြန်မထွက်လာနိုင်စေရဘူး"