[Sweetheart] Extra - 25

7.7K 1.1K 119
                                    


[Unicode]

[Sweetheart] Extra - 25

Chapter 130

လော့ယွဲ့ ကြက်သေသေနေတုန်းမှာ တက္ကစီဆရာက ကားမှန်ချပြီး ဒေါသတကြီး လှမ်းအော်သည်။

"မင်းတို့က သွားမှာလား မသွားကြဘူးလား"

လော့ယွဲ့ တူဖြင့်ထုပြီး နိုးခံလိုက်ရသလိုပင် ချင်ဇီကျောင်းကို အင့်ခနဲ တွန်းထုတ်၊ ကားတံခါးဖွင့်ပြီး ကားထဲဝင်လိုက်သည်။ အသက်လုပြီးပြေးနေရသလို အလောတကြီးပြော၏။

"ဆရာကြီး...မြန်မြန်ထွက်တော့"

ကားဆရာက သူ့ကို နောက်ကြည့်မှန်ကနေ တစ်ချက်ဝေ့ကြည့်လာပြီး ကားလီဗာကို တဆုံးနင်းချလိုက်တော့သည်။

လော့ယွဲ့ နောက်ကို လှည့်မကြည့်ရဲ။ သူ တစ်ကိုယ်လုံး ပျော့ခွေကျသွားသလို ခံစားရ၏။ စဉ်းစားတွေးခေါ်ဖို့ရာ အားအင်ပင်မရှိ။

ချင်ဇီကျောင်းက သူ့ကို နမ်းလိုက်သည်...သူ့ကို မက်မက်စက်စက် နမ်းသည်... သူတို့ လမ်းခွဲခဲ့ပြီး နှစ်လအကြာမှာ ချင်ဇီကျောင်းက သူ့ကို လွမ်းနေတယ်လို့ပြောပြီး နမ်းပင်နမ်းလာခဲ့‌သေးသည်တဲ့...

ဒါက ဘာအဓိပ္ပာယ်ကို ဆောင်လေသလဲ... ချင်ဇီကျောင်းက သူ့ကို သဘောကျတာလား... ဒါပေမဲ့ ဘာလို့ အခုမှလဲ...

နှစ်လလုံး စာလေးတစ်စောင်တောင် ပို့မလာခဲ့ဘဲ ရုတ်တရက်ကြီး သူ့ကို လွမ်းပါသည်တဲ့။ ဘာလို့ တနေ့က မနေ့က မဟုတ်ဘဲ ဒီနေ့မှလဲ။ သူတကူးတက ဆိုင်ကိုလာပြီး ယောင်ယောင်ဆေးရုံတက်နေရလို့ သူသွားနှစ်သိမ့်အားပေးပြီး လူနာကြည့်တဲ့ဒီနေ့မှလဲ။

ဒီတစ်ကြိမ်ရော ချင်ဇီကျောင်းက နောက်တစ်ကြိမ်ထပ်ပြီး သူ့ညီမအတွက် "အနစ်နာခံ"တာမျိုးထပ်ပြီးဖြစ်မလားရယ်လို့ သူ မတွေးမိပဲမနေနိုင်ပါ။ သူဟာ ခဲမှန်ဖူးထားတဲ့ စာသူငယ်ဖြစ်ခဲ့ဖူးပြီလေ...

ဘာလုပ်ရပါ့... ဘာလုပ်ရပါ့... ဘာလုပ်ရပါ့...

လော့ယွဲ့ ချင်ဇီကျောင်းပြောတာကို ဖျတ်ခနဲ သတိရသွားသည်။ သူ မူးနေတဲ့ အဲ့ဒီနေ့က ချင်ဇီကျောင်းက တကယ်ပဲ ရောက်လာခဲ့တာပေါ့... ဒါပေမဲ့ လီရှော့က ဘာလို့ သူ့ကို လိမ်ညာပြောခဲ့တာလဲ။

Additional Heritage [Myanmar Translation]Where stories live. Discover now