SUN { 61 }

2K 137 0
                                    

ရန်ဒီ ပေါက်စ် ပြောခဲ့ဖူးသော စကားများစွာ ရှိ၏။
ထိုအထဲမှ စကားစု တစ်ခုကိုတော့ သူ သေချာ မှတ်မိနေခဲ့သည်။

အုတ်နံရံများက ရည်ရွယ်ချက် တစ်ခုနှင့် ရှိနေခဲ့ကြသည်။ ထိုအုတ်နံရံများက လူတွေကို အပြင် ထုတ်ထားဖို့ မဟုတ်။ တစ်စုံတစ်ခုကို ဘယ်လောက် အသည်းအသန် လိုချင်နေသလဲ ဆိုတာ စမ်းသပ်ခြင်း ဖြစ်သည်။ ထိုအုတ်နံရံတွေဟာ ပြင်းပြင်းထန်ထန် ကြိုးစားခြင်း မရှိသော လူတွေကို လှည့်ပြန်သွားအောင် တားဆီးဖို့ ရှိနေတာပဲ ဖြစ်သည်။

သိပ် ကောင်းသည့် မှတ်သားစရာ စကားစု တစ်ခုပဲ ဖြစ်သည်။

စံအိမ်၏ လသာဆောင် ဝရန်တာတွင် အာကာဟိန်းထက် ရှိနေသည်။ နေအရှိန်က စူးစူးရှရှ ထွန်းလင်းနေတာကြောင့် မိုးကာသား ခေါက်ထီး အကြီးကြီး အောက် ခိုင်ခိုင်မာမာ အကာအကွယ် ယူထားရသည်။ မျက်နှာချင်းဆိုင်မှ ကြိမ်ထိုင်ခုံတွင် နေသူရိန်မင်းခန့် ထိုင်လျက် ရှိသည်။ မျက်နှာ အမူအရာမှာ မှင်သေသေနှင့် ဖြစ်သည်။

အာကာဟိန်းထက် ဖတ်လက်စ ဂျာနယ် အဟောင်းကို ဖန်သား စားပွဲပေါ် ခေါက်ရက်လေး တင်လိုက်သည်။ ထို့နောက် စကား စလိုက်သည်။

"ဒီတော့ လက်မထပ်တော့ဘူးပေါ့"

နေသူရိန်မင်းခန့် သက်ပြင်း ချလျက် ခေါင်းညိတ်သည်။ အာကာဟိန်းထက် ကော်ဖီ ပန်းကန်ကို သောက်ဖို့ နှုတ်ခမ်းနား တေ့ပြီးမှ ခဏ ပြန်ရုပ်လိုက်မိသည်။

"အကြောင်းပြချက်ကရော . ."

"အကြောင်းပြချက်ကို မင်း သိပါတယ်"

အပြုအမူက ပေါ့ပျက်ပျက်။ အရှုံးကို လက်ခံလိုက်ဖို့ အဆင့်သင့် ဖြစ်နေသော လေသံနှင့် ဖြစ်သည်။ ဒီလို ပုံစံနှင့်တော့ အာကာဟိန်းထက် ထိန်းချုပ်ထားသမျှ လွတ်ထွက်ကုန်တော့မှာပဲ။ သူ သောက်လက်စ ကော်ဖီခွက်ကို စားပွဲပေါ် ခပ်ဆတ်ဆတ် ချလိုက်သည်။ ဂွက်ခနဲ အသံပင် မြည်သွားသည်။

"ပိန်းတယ်လို့ ပြောရင်လည်း ချီးကျူးရာ ရောက်ဦးမယ်၊ တကယ်က . . ဦးနှောက်ကို မရှိတာ"

"ဘာ . ."

နေသူရိန်မင်းခန့် ခံရခက်စွာ မျက်မှောင်ကြုတ် ကြည့်သည်။

SUN { Season 1 }Where stories live. Discover now