Unicode - 41

8.9K 802 267
                                    

နံနက်ခင်း၏ ပြာလွင်သော ကောင်းကင်ထက်မှာ အဖြူရောင် မြူခိုးငွေ့များ လွင့်မျောနေကြသည်။ အမြင့်ပေ သုံးသောင်း ဆိုပေမယ့် တိမ်ကတော့ တိမ်ပါပဲ။
    
အရှိန်ပြင်းစွာ ပျံသန်းနေသည့် လေယာဉ် အပြင်မှာ ကောင်းကင်က အပြာသက်သက် ဖြစ်သည်။ တိမ်စုပ်တိမ်စိုင်တို့ကို ဟိုးခပ်လှမ်းလှမ်းမှာ အမျှင်လိုက် ကျဲကျဲပါးပါး မြင်ရသည်။

ပြတင်းမှန်မှ မြင်ရသည့် မြင်ကွင်းကို စိုက်ကြည့်နေရင်းမှ နေသူရိန်မင်းခန့် အကြည့် လွှဲလိုက်သည်။ ထို့နောက် လက်ထဲမှာ ရှိနေသည့် ဖိတ်စာကဒ် လှလှလေးကို ငေးကြည့်မိသည်။

အနီရောင် ဖိတ်စာကဒ်ဟာ သေသေသပ်သပ်နှင့် တရုတ် ရိုးရာအတိုင်း ဂရုတစိုက် ဖန်တီးထားမှန်း သိသာလှသည်။ အထဲတွင် နဂါး ရုပ်ပုံတို့ကို ပန်းထိုးထားသေး၏။ မွှေးရနံ့ သင်းသင်းလေးပါ သင်းပျံ့လျက် ရှိသည်။

ဖိတ်စာကဒ် နောက်ကျောတွင် စာသား တစ်ခု။

ရှင် ပြောတဲ့ ခပ်တုံးတုံး မိန်းမကလေ
ယောကျာ်း တစ်ယောက်ရဲ့ ဘဝကို အပိုင် ယူနိုင်ခဲ့ပြီ။

ဖောင်တိန်ဖြင့် ရေးထားသည့် ခပ်သော့သော့ လက်ရေးများ ဖြစ်သည်။ ဂျပန်အထိ တကူးတက လှမ်းဖိတ်ပုံထောက် သူမ ကြည့်ရတာ နေသူရိန်မင်းခန့်အား သိပ်ကို အနိုင်ပိုင်းချင် ပုံ ရသည်။
    
"တော်တော် အမြင်ကတ်စရာကောင်းတဲ့ ဖိတ်ကြားမှုပဲ"

ဖိတ်စာကဒ်ကို လှန်ပြီး သတို့သား နာမည်ကို ဖတ်ကြည့်ပြီး နောက်မှာ နေသူရိန်မင်းခန့် အသက်မဲ့စွာ ပြုံးလိုက်မိသည်။

ဝန်ခံရပါက ဖိတ်စာ ရရချင်း နွေလယ်ခေါင်မှာ မိုးကြိုး ပစ်ခံလိုက်ရသလို နေသူရိန်မင်းခန့် တုန်လှုပ်သွားခဲ့သည်။ စိတ်ထဲ နေစရာ မရှိအောင် ထိတ်လန့်သွားပေမယ့် မဖြစ်နိုင်ကြောင်း မျက်စိစုံမှိတ် ယုံချင်ခဲ့သည်။ ခေါင်းကို တွင်တွင်ခါပြီး မဖြစ်နိုင်ကြောင်း ငြင်းဆန်ချင်ခဲ့သည်။
    
သို့သော် လက်ထပ်ပွဲက အမှန်ပဲ ဖြစ်သည်။ နိုဝင်ဘာလ၏ ပထမဆုံး အပတ်။ လာမယ့် ခုနစ် ရက်နေ့မှာ လက်ထပ်ပွဲ ကျင်းပမည်က အစစ်အမှန်ပဲ ဖြစ်သည်။ လက်ထဲမှ အနီရောင် ဖိတ်စာကဒ်ကို လုံးချေပြီး နေသူရိန်မင်းခန့် စိတ်မောစွာ လေယာဉ် ခုံမှာ မှီလိုက်မိသည်။
    
လွန်ခဲ့သော တစ်နှစ်က စပြီး ပြောင်းလဲသွားသည့် ဝေယံ၏ အပြုအမူတွေကို သူ သတိထားခဲ့ဖို့ ကောင်းသည်။ နှစ်ယောက်ကြားမှာ အဆက်အသွယ် မရှိသလောက် စိမ်းကားသွားသည့် ဆက်ဆံရေးတွေ။ ဖုန်း ခေါ်ပါက ရှောင်နေသည့် အခြေအနေတွေ။ ယခင်လို ကြည်ကြည်နူးနူး စကားပြောဖို့ နေနေသာသာ သာကြောင်း မာကြောင်း မေးဖို့ပင် အခြေအနေက ခက်ခဲခဲ့သည်။
    
ပို ဆိုးတာက မြတ်နိုးသည်၊ လွမ်းသည်တို့ကို စိတ်ကူးထဲသာ နေသူရိန်မင်းခန့် ကြားခွင့် ရှိတော့သည်။ ဝေယံ လုံးလုံး မပြောခဲ့။ တကယ်ဆို ကျောင်းစာများနှင့် မအားလပ်လို့ ဟု အကြောင်းပြခဲ့သော စကားတို့ကို သူ မယုံခဲ့သင့်။ တကယ်တမ်း ဂုဏ်ထူးတန်း ပြီးလို့ ဘွဲ့ ရတော့လည်း သူ့ကို ဝေယံ လုံးဝ ဆက်သွယ် မလာခဲ့။

SUN { Season 1 }Where stories live. Discover now