Unicode - 67

6.2K 470 142
                                    

နံရံပေါ်မှ တိုင်ကပ် နာရီက ကိုး နာရီ ခွဲဖို့ မိနစ်ပိုင်း အလို။

စားပွဲပေါ် တင်ထားသည့် အနက်ရောင် ဖုန်းထဲမှ အချိန် သတ်မှတ်ပေးထားသော နာရီက သုံး မိနစ် ပြည့်ဖို့ စက္ကန့်ပိုင်း အလို။

ငါးဆယ့် ရှစ် . . . ။

ငါးဆယ့် ကိုး . . . ။

ခြောက်ဆယ် . . . ။

သုံး မိနစ် ပြည့်သွားပြီ ဖြစ်သည်။

အာကာဟိန်းထက် လက်ဖျောက် တစ်ချက် တီးကာ နှိုးစက် ပေးထားသည့် ဖုန်းထဲမှ နာရီကို ပိတ်လိုက်သည်။ ထို့နောက် မျက်စိ ရှေ့တွင် ရှိနေသော စားပွဲပေါ်မှ ပန်းကန်လုံး အဖြူလေး၏ အဖုံးကို ဆွဲဖွင့်လိုက်သည်။ ထောင်းခနဲ ထွက်လာသော အခိုးအငွေ့များနှင့် အတူ မွှေးပျံ့သော ခေါက်ဆွဲ ရနံ့ကို အချိန်ကိုက် ရလိုက်သည်။

ပန်းကန်လုံးထဲ ရှိနေတာက ခေါက်ဆွဲပြုတ် တစ်ပွဲပဲ ဖြစ်သည်။ အမွှေးအကြိုင် ခတ်ထားသော တရုတ် နံနံပင်များက လိမ္မာ်ရောင် သန်းသည့် ဟင်းရည်ပေါ်၌ ဝေ့ဝဲနေသည်။ မကျက်တကျက် ပြုတ်ထားသော ကြက်ဥနှင့် ပန်းနုရောင် သန်းနေသည့် ပုစွန်တုပ်က စားမည့် သူကို သွားရည်ယိုအောင် ဆွဲဆောင်နေတော့သည်။

အာကာဟိန်းထက် ခေါက်ဆွဲ ပန်းကန်ထဲမှ ဟင်းရည်ကို ဇွန်းဖြင့် ခပ်ကာ မြည်းကြည့်လိုက်သည်။ မဆိုး . . ။ ချဉ်ချဉ်စပ်စပ်ဖြင့် အရသာ ရှိသည်။ ခေါက်ဆွဲဖတ်များကို စားကြည့်သည်။ နူးအိပြီး ပျော်ဝင်နေသည်။ ပုစွန် အရသာ ရောသော ခေါက်ဆွဲသား၏ ဖမ်းဆွဲမှုက မသိမသာ ကပ်ပါကာ လျှာဖျားထက် စိမ့်ဝင်သွားသည်။

ဒီလောက်ဆို အာကာဟိန်းထက်၏ ပထမဆုံး ဟင်းချက် လက်ရာက အသင့်အတင့် ဟု သတ်မှတ်လို့ ရလောက်သည်။

"အို . . သနားစရာ ကောင်းလိုက်တာ၊ ခေါက်ဆွဲတောင် ကိုယ်တိုင် ပြုတ်စားနေရပြီလား"

မိန်းကလေး အသံ တစ်ခု။

အာကာဟိန်းထက် လှည့်ကြည့်လိုက်သည်။ ပြုံးရယ်လျက် ထမင်းစားခန်းသို့ ဝင်လာသော သူမှာ မေ Scarlett ပဲ ဖြစ်သည်။

SUN { Season 1 }Where stories live. Discover now