Unicode - Prologue

58.8K 3.5K 301
                                    

ပူပြင်းသော နွေ မနက်ခင်း၏ ရောင်ခြည်သည် တိတ်ဆိတ်သော အရုဏ်ဦး၏ တိမ်ထုကြောင့် ထွန်းလင်းစွာ မတောက်ပနိုင်သေး။ အစာရှာ ဌက်ငယ် တချို့၏ တေးဆိုသံ ခပ်တိုးတိုးကိုတော့ အရှေ့ လေပြည်၏ တွန်းပို့မှုကြောင့် စေ့ထားသည့် ပြတင်းတံခါးမှ သာယာ ငြိမ့်ညောင်းစွာ ကြားနေရသည်။

"သားသား ထတော့ . ."

ခုတင် ဖြူလွှလွှထက် ဖယောင်းရုပ်လေး အလား အိပ်မောကျနေသည့် ' ဝေယံအောင် ' ကို မိခင်ဖြစ်သူ ဒေါ်စန္ဒာခင်က နဖူးကို ခပ်ဖွဖွ နမ်းပြီး နှိုးလိုက်သည်။

ဒီနေ့က ကျောင်းပိတ်ရက် ဖြစ်တာမို့ ဝေယံ မထချင် ဖြစ်နေသည်။ မျက်လုံးများကလည်း စိတ်ဆန္ဒကို မလွန်ဆန်နိုင်ကြ။ အိပ်မှုန်စုံမွှား ဖြစ်နေသော သူ့ကို ဒေါ်စန္ဒာခင် ဆွဲထူပြီး ရေချိုးခန်းထဲ တွန်းပို့သဖြင့် ဝေယံ တစ်ယောက် မနက်ခင်း အမှုကိစ္စကို မတတ်သာဘဲ ပြင်ဆင်ရတော့သည်။

ရေချိုးခန်းမှ ပြန်ထွက်လာချိန် လူ မရှိတာ ကြာပြီ ဖြစ်သော ဘေးက ခြံဝန်းကြီးဆီမှ ဆူဆူညံညံ အသံတွေကို ထူးဆန်းစွာ ဝေယံ ကြားလိုက်ရသည်။ ဒေါ်စန္ဒာခင် ပြောထားဖူးသည့် ကိစ္စ တစ်ခုကို သူ ရုတ်တရက် သတိရသွားသည်။ ကြည့်ရတာ ဖခင် ဦးဝေယံဟိန်း၏ လုပ်ငန်းတွဲဖက် ဖြစ်ရုံမက သူငယ်ချင်းပါ ဖြစ်သော ဦးနေမင်းခန့် မိသားစု အိမ် ပြောင်းလာကြတာပဲ ဖြစ်ရမည်။

စိုနေသော ဆံပင်တို့ကို မျက်နှာသုတ် ပဝါနှင့် သုတ်ရင်း ဝရန်တာကို ထွက်ကာ ဘေးခြံကို ဝေယံ လှမ်းကြည့်လိုက်သည်။ အပေါ်ထပ် ဝရန်တာမှ ကြည့်ပါက ခြံဝန်း တစ်ခုလုံးကို စီးမိုး မြင်ရ၏။

မန္တလေးမြို့၏ သိပ္ပံ လမ်းမကြီးပေါ်တွင် တည်ရှိသော နှစ်ထပ်တိုက် အဆောက်အဦးကြီးမှာ ခမ်းနားသော ဗိသုကာ လက်ရာတွေဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ထို့အတူ ဝေယံတို့ အိမ်ကြီးနှင့် ဆင်ဆင်တူစွာ ရှိနေသေးသည်။

ခေါင်မိုးရှိ အုတ်ကြွပ်များကသာ တစ်ခုတည်းသော ဆန့်ကျင်ဘက် အသွင် အနီရောင်နှင့် အပြာရောင် အဖြစ် တည်ရှိပြီး ပူပြင်းသော နေဒဏ်ကို အပြင်းအထန် ကာကွယ်နေကြသည်။

SUN { Season 1 }Where stories live. Discover now