Unicode - 38

9K 786 237
                                    

အဝေး အမြင့် တောင်ကုန်းထက်မှ သစ်ရွက် လှုပ်ခတ် ယိမ်းနွဲ့သံကို ကြားရသည်။ တစ်ချက် တစ်ချက် ပါးပြင်သို့ လာထိသော မနက်ခင်း လေညင်းက ခပ်အေးအေး။ ထိုလေထုထဲ၌ မွှေးရနံ့ တစ်ခု ရောပါနေ၏။

ဝေယံ အိပ်ရာမှ နိုးလာချိန် တစ်ဖက် ခုတင်မှာ အာကာဟိန်းထက် မရှိတော့။ စောင်၊ ခေါင်းအုံးတို့မှာ စနစ်တကျ ခေါက်သိမ်းထားပြီးသား ဖြစ်သည်။ ဝေယံ အိပ်ရာပေါ်က မထသေးဘဲ ဆက်လဲနေမိသည်။ သို့သော် မျက်လုံးများကို မှိတ်မထား။ အခန်းကို အကဲခတ်နေ၏။
    
မနေ့ညက စကားစမြည် ပြောရင်း ညနက်မှ အိပ်ရာဝင်ခဲ့တာ ဖြစ်၍ အခန်း အပြင်အဆင်ကို သူ သေချာ မကြည့်ရသေး။ စူးစမ်းကြည့်တော့ အခန်းက တကယ့်ကို အနောက်တိုင်း ဆန်လွန်း၏။

တောက်ပ ဖြာလဲ့သော ဖန်မီးဆိုင်း အကြီးကြီးနှင့်။
အဖြူရောင် နံရံထက်က ဓာတ်ပုံ ပိစိလေးတွေ။

ထိုဓာတ်ပုံများက လေးထောင့်၊ စက်လုံး၊ ဘဲဥ၊ ပန်းပွင့် စသဖြင့် ပုံစံ အမျိုးမျိုး ရှိကြသည်။ အားလုံးက သဘာဝ အလှတရားတွေသာ ဖြစ်ကြသည်။ ထို့ပြင် ရှေးဟောင်း ကြွေပန်းအိုးများဖြင့် ပန်းပေါင်းစုံကို ပန်း ထိုးထားကာ ပြတင်းတံခါး အနီးနှင့် စားပွဲတို့ အပေါ် အလှဆင်ထားလျက် ရှိ၏။

ကျူးလစ်။

လာဗန်ဒါ။

ကာနေရှင်း။

ကြယ်ပန်းဖြူ။

အရောင်စုံကာ ချစ်စဖွယ်။
အားလုံးက ဥယျာဉ်ထဲမှ ပန်းတွေပဲ ဖြစ်၏။
    
ဒါဖြင့် ပန်းရနံ့က ဒီကကိုး။

ပန်းချီ . . ။

ရုတ်တရက် ညာဘက် အခန်း နံရံမှာ ပန်းချီကား တစ်ချပ် ချိတ်ဆွဲထားတာ ဝေယံ သွားတွေ့သည်။ လူ တစ်ယောက်၏ ပုံတူ ဖြစ်ကာ လူတစ်ရပ်စာ မြင့်၏။ ထို့ပြင် ကနုတ် ထွင်းထားသော ရွှေရောင်ဘောင်များဖြင့် အနားကွပ်ထားသည်။ အောက်ခြေမှာ Lee Han ဟု ရေးထိုးထားသည့် လက်မှတ် တစ်ခု ပါသည်။
    
ဘယ်သူ့ ပုံပါလိမ့်။

SUN { Season 1 }Where stories live. Discover now