Unicode - 37

8.8K 805 165
                                    

သောကြာနေ့ မနက်ခင်းမှာ အာကာဟိန်းထက် သိပ္ပံ လမ်းမကြီးဆီသို့ ကားဖြင့် ထွက်လာခဲ့သည်။ ခရီး သွားဖို့ ဝေယံ့ကို ဝင်ခေါ်ခြင်း ဖြစ်သည်။

ဒီနေ့က ရာသီဥတု သာယာသည်။ ထို့ပြင် တိမ်ပြာသည့် နေ့ တစ်နေ့ ဖြစ်တာမို့ ပြင်ဦးလွင် တောင်တန်းများဆီ အလည်သွားဖို့ သူ ဆုံးဖြတ်ထားသည်။ ခရီးစဉ်က အနည်းဆုံး နှစ်ည အိပ်၊ သုံးရက်လောက်တော့ ကြာမည်။ သို့ပေမယ့် ဟို ရောက်ပါက ဘာမှ ပူပန်နေစရာ မလို။ ဘာကြောင့်ဆို . . . ။
    
တည်းစရာ စံအိမ်က အဆင်သင့်။
ထမင်းဟင်း ချက်ပြုတ်ကျွေးမည့် သူပါ ရှိပြီးသား။

အရာအားလုံး စနစ်တကျ စီမံခဲ့ပြီးသား ဖြစ်သည်။
 
ထို့ကြောင့် ပန်းချီ ဆွဲရန် လိုအပ်သော ပစ္စည်း ကိရိယာ တချို့နှင့် ဓာတ်ပုံ ရိုက်ဖို့ ကင်မရာ စသော ပစ္စည်းတို့သာ အာကာဟိန်းထက် သယ်လာခဲ့သည်။ အမြဲလိုလို တစ်ယောက်တည်း ခရီး ထွက်နေကျ ဖြစ်တာမို့ ဒီတစ်ခါ သူငယ်ချင်းနှင့် အတူ သွားရသော ခရီးစဉ်က အသစ်အဆန်း ဖြစ်လိမ့်မည် ဟု အာကာဟိန်းထက် ယုံကြည်ထားသည်။
    
သို့ရာတွင် ခက်သည်။

ကား မောင်းရင်း စိတ်လှုပ်ရှားစရာလို့ သူ တွေးခဲ့သမျှ စိတ်ကူး အားလုံးက ဝေယံ အိမ်ကို ရောက်ခါမှ စိတ်ရှုပ်စရာ အဖြစ်သို့ ချင်ချင်း ကူးပြောင်းသွားတော့၏။ ဘာကြောင့်ဆို ထင်မှတ်မထားသော ပြဿနာ တစ်ခုနှင့် မဆိုင်းမတွ ကြုံလိုက်ရတာကြောင့် ဖြစ်သည်။ အဲ့ဒါကတော့ မေ Scarlett တစ်ယောက် ဝေယံ အိမ်ကို ရောက်နေတာပဲ ဖြစ်သည်။ ထိုမျှမက သူမ ဘေးမှာ ခရီးဆောင်အိတ် တစ်လုံးပါ ရှိနေသည်။

အာကာဟိန်းထက် ချက်ချင်း စိုးရိမ် စိတ်ဝင်သွား၏။ သို့သော် သူ မတတ်နိုင်တော့။ နောက်ကျသွားပြီ ဖြစ်သည်။

မေ Scarlett အဝတ်အစားက ပါးပါးလှပ်လှပ် တီရှပ် အဝါ၊ ဂျင်းပြာ ဘောင်းဘီရှည်နှင့် ဖြစ်သည်။ ခြေဖျားမှာ ပေါ့ပေါ့ပါးပါး စီးထားသည့် အဖြူရောင် ရှူးဖိနပ်။ ထို့ပြင် အနက်ရောင် ဖိနပ်ကြိုးများဖြင့် ဖဲပြား ပုံစံ စည်းနှောင်ထားသည်။ လက်ထဲမှာက နေဒဏ် ကာကွယ်သည့် ဦးထုပ်။ အညိုရောင် ဆံပင်ရှည်များကို ခါတိုင်းလို ခပ်မြင့်မြင့် စုစည်းမထား။ ဖြန့်ချထား၏။ နေကာ မျက်မှန် တစ်လက်ကို ရင်ဘတ်မှာ ချိတ်ထားသေးသည်။

SUN { Season 1 }Where stories live. Discover now