Unicode - 80

10.9K 460 90
                                    

ကိုယ် ချစ်ရသူက
သူ ချစ်သော လူနှင့်
လက်ထပ်တော့မည်ကို
ငေးကြည့်ပြီး ဝမ်းသာပေးဖို့ ဆိုတာ
တကယ်တော့ မဖြစ်နိုင်သော အရာ တစ်ခု ဖြစ်သည်။

ထို မဖြစ်နိုင်သော အရာကိုပင်
လုပ်ပြသွားခဲ့သည့် ပေးဆပ်သူတို့ကား
ဤကမ္ဘာပေါ်ဝယ် ပေါသီစွာ ရှိနေခဲ့ကြသည်။

သူမကတော့ ထိုလူစားမျိုးထဲ မပါနိုင်လောက်ဘူး ဟု မေ Scarlett ထင်ခဲ့မိသည်။ တကယ်က မဟုတ်။ သူမ မှားသွားခဲ့သည်။ မထိုက်တန်စွာ သူမထံ၌ ပေးဆပ်သူတို့၏ နှလုံးသား တစ်စုံ အပို ပါလာခဲ့သည်။ ထိုနှလုံးသားကြောင့်ပဲ ဝေယံအောင် ဆိုသည့် လူသားကို သူမ လက်လွှတ်ပေးနိုင်ခဲ့သည်။

ဘာကြောင့်လဲ။

သူမ သိပ် ချစ်လွန်း၍ ဖြစ်သည်။

~•~ ~•~ ~•~

ဒေလီယာ ဟု ပန်းစာလုံးများဖြင့် လှလှပပ ထွင်းဖော်ထားသော လိုဂို တံဆိပ်ဟာ ကြင်နာရိပ်များ မြိုင်ဆိုင်စွာ ကူးသန်းနေသည့် ရပ်ဝန်းထဲ ခမ်းခမ်းနားနား ဖော်ပြခြင်း ခံထားရသည်။ ပိုးဖြူရောင်၊ ဆီးနှင်းဖြူနှင့် နို့နှစ်ရောင် အဆင်း ရှိသော သတို့သား ဝတ် မင်္ဂလာ ဝတ်စုံများက ခန်းမ တစ်ခွင် ဖြူလွှစွာ တောက်တောက်ပပ ရှိနေကြသည်။ နက်ကတိုင်မှ အစ ခြေဖျားထက် ဆင်မည့် ရှူးဖိနပ် အဆုံး ဤဆိုင်တွင် လိုလေသေး မရှိအောင် ဝယ်ယူနိုင်သည်။

ဒေလီယာ ဟု အမည် ရသည့် မင်္ဂလာ ဝတ်စုံဆိုင်ထဲ မေ Scarlett ရောက်နေခြင်း ဖြစ်သည်။

နေမင်းကြီးနှင့် အလှလေးတို့၏ လက်ထပ်ပွဲအတွက် အစ်ကိုဖြစ်သူ အာကာဟိန်းထက်က မင်္ဂလာ ဓာတ်ပုံတွေ ရိုက်ပေးခဲ့တာ ဖြစ်၍ လက်ထပ်ပွဲ၌ ဝတ်ဆင်မည့် အဝတ်အစားများနှင့် တွဲဖက် အသုံးအဆောင် ပစ္စည်းတွေကိုတော့ ပြီးပြည့်စုံအောင် စီစဉ်ဖို့ သူမ တာဝန်ယူထားသည်။

နက်ကတိုင်၊ ဖိနပ်ဖြူနှင့် ဝတ်စုံ၏ ရင်ဘတ် အိတ်ကပ်ထဲ ထည့်ရသည့် လက်ကိုင်ပဝါတို့ကို အသေးစိတ်ကျကျ သူမ ရွေးယူထားပြီ ဖြစ်သည်။ သို့သော် သတို့သား ဝတ် မင်္ဂလာ ဝတ်စုံများကိုတော့ ယခု အချိန်အထိ မေ Scarlett စိတ်တိုင်းမကျနိုင်သေး။

SUN { Season 1 }Where stories live. Discover now