Unicode - 23

13.2K 1.1K 213
                                    

သန်းခေါင်ယံ အမှောင်ဟာ နက်ပြာရောင် ကောင်းကင်ရှိ ရောင်စုံ ကြယ်ပွင့်လေးများထံမှ အိပ်ခန်း ဝရန်တာထက်သို့ ခမ်းနား မြိုင်ဆိုင်စွာ ကျရောက်လာသည်။ ကမ္ဘာမြေအား လှမ်းငုံ့ကြည့်နေသည့် လပြည့်လက အေးချမ်းသော ည တစ်ညကို ဖန်တီးလေ၏။

အဝေးမှ ချဉ်းကပ် တိုးဝှေ့လာသော လေသံက သဘာဝ၏ ဂီတသံ။ ငုဝါရွက်တွေဆီမှ လှုပ်ရှားသံက တေးသွားသံ သဲ့သဲ့။ သစ်ကိုင်းတို့၏ ပွတ်တိုက်သံဟာ အသက်ပြင်းပြင်း ရှူရှိုက်သံ။

အသံတွေ အားလုံးမှာ အသက် ရှိနေ၏။

"ရင်ခုန်သံများ ချုပ်ထိန်း မရ . . သူ သိအောင် ဖွင့်ပြောမည်၊ ကိုယ့်ဘက်က အကြင်နာတွေ . . မင်း သိဖို့ လိုပြီ"

အခန်းထဲမှ ဂီတာသံ ပျံ့လွင့်လာသည်။
သီချင်း ဆိုနေသူဟာ နေသူရိန်မင်းခန့်ပဲ ဖြစ်သည်။

"တို့ ဆုံတွေ့ခြင်း ကြေကွဲသွားပါစေ . . မင်း သိအောင် ဖွင့်ပြောတော့မည်"

လမင်း၏ အလင်းရောင်ဖြင့် လင်းလက်နေသော ညချမ်းကို ငေးကြည့်ရင်း သီချင်း စာသား တချို့ကို ခပ်တိုးတိုး သီဆိုနေတာပဲ ဖြစ်သည်။ နေမင်းကြီးက ဝရန်တာ ဘောင်ပေါ် ကိုယ်တစ်ခြမ်း စောင်း ထိုင်လျက် နံရံအား ကျော မှီထားသည်။ ရင်ခွင်ထဲတွင် လပြည့်ဝန်းလို ဝင်းထိန်သည့် ဂီတာ တစ်လက် ရှိနေသည်။

"မင်း ရှေ့မှာ ငါ ဒူးထောက်ရင်း . . မင်း သိအောင် ရင်ဖွင့်တော့မည်"

အဆုံးသတ် သီချင်း စာသားက ခပ်တိုးတိုး။
တံခါး ခေါက်သံ တစ်ခုက ခပ်ကျယ်ကျယ်။

"ဝင်ခဲ့"

နေသူရိန်မင်းခန့် အော်လိုက်သည်။ တံခါး ပွင့်လာ၏။

"ယံ"

ဝေယံ ပြုံးစေ့စေ့ဖြင့် နေသူရိန်မင်းခန့် အနားကို လျှောက်လာသည်။ ထို့နောက် ဝရန်တာ ဘောင်ကို လက် ထောက်လျက် မေး၏။

"သီချင်း ဆိုနေတာလား၊ နားထောင်လို့ သိပ် ကောင်းတာပဲ"

SUN { Season 1 }Where stories live. Discover now