Unicode - 8

22.5K 1.9K 176
                                    

အခန်းတွင်းသို့ နေသူရိန်မင်းခန့် ဝင်လိုက်တာနှင့် ရေချိုးခန်းမှ ရေကျသံ ကြားရသည်။ သန့်ရှင်းမှုကို အလွန် အလေးထား၍ ဝေယံ တစ်ယောက် ညနက်ကြီးမှာ ရေချိုးနေတာပဲ ဖြစ်သည်။ စိတ်မချတာမို့ ရေချိုးခန်းဆီ သွားကာ တံခါး ခေါက်ပြီး သတိပေးရသည်။

"ယံ အကြာကြီး ရေမချိုးနဲ့နော်၊ ဖျားမယ်"

ဘာဘာညာညာ မပြော။ " အေး " ဟူ၍သာ ခွန်းတုံ့ပြန်သည်။ တစ်လုံးတည်း ဆိုပေမယ့် သူ ပြောသည့် စကားကို နားထောင်လိုက်ခြင်း ဖြစ်သည်။ ကျေနပ် ရောင့်ရဲနိုင်ပါသည်။

ကျန်းမာရေးနှင့် ပတ်သက်လာပါက ဝေယံဟာ နေသူရိန်မင်းခန့်လို မဟုတ်။ ချူချာသည်။ ဆရာဝန် ဖြစ်ခဲ့သော ဒေါ်စန္ဒာခင်ပင် ကုလို့ မနိုင်သည်အထိ နာဖျားလွယ်သည်။ ဖျားပြီ ဆိုလျှင်လည်း အားဆေး အမျိုးမျိုး တိုက်ကာ မျက်စိ အောက်က အပျောက် မခံ စောင့်ရှောက်ရသည်။ ထိုအချိန်များဆို ဝေယံ့ ပုံစံက မိခင် ထွေးဥ ယုယချင်စရာ ဖြူဖြူဖျော့ဖျော့လေး ဖြစ်နေတတ်သည်။

အစားအသောက်နှင့် ပတ်သက်ပါက ပိုပြီး ပူပန်ရသည်။ အစကတည်းက အစား မမက်သည့် သူ ဖြစ်တာမို့ အစား ရွေးသည်။ ဆန်ပြုတ်ဆို နည်းနည်းလေးမှ မကြိုက်။ ဘယ်လောက် ချော့ တိုက်တိုက် လှည့်တောင် မကြည့်။ ဒေါ်စန္ဒာခင် လက်မြှောက် အရှုံး ပေးရသည်အထိ ခေါင်းမာသည်။

ဆေးထိုး၊ ဆေး သောက် မကြောက်၍သာ တော်သေးသည် ဟု ပြောရမည်။ ဒါလည်း မဆိုး။ အကျင့်ကောင်း တစ်ခု ဖြစ်သည်။

လူ ဆိုတာ အကောင်း၊ အဆိုး ဒွန်တွဲနေသလို။ ဝေယံ့မှာ ကောင်းတာတွေချည်း ရှိနေတာတော့ မဟုတ်။ မကောင်းသည့် အကျင့်များလည်း ရှိသည်။

မကောင်းတာက တခြား မဟုတ်။ အခုလို ညနက်မှ ရေ ထချိုးတတ်သည့် အကျင့် ဖြစ်သည်။ ပြောလို့ မရ။ နားထောင်မှုလည်း မရှိ။ အသန့်အပြန့် ကြိုက်လွန်းသည့် ရောဂါကြောင့် ဘယ်နေ့ နေမကောင်း ဖြစ်မလဲ တွေးပူရင်း ဒေါ်စန္ဒာခင်နှင့် နေသူရိန်မင်းခန့်ခင်ဗျာ ရင် တမမ ဖြစ်နေရသည်။

SUN { Season 1 }Where stories live. Discover now