Unicode - 76

4.9K 434 95
                                    

ည ကောင်းကင်က ရောင်စဉ် နှစ်သွယ် သန်းနေ၏။
     
ပုံမှန်နှင့် မတူစွာ အထက်ပိုင်းတွင် ပိန်းပိတ်ထူအောင် နက်မှောင်နေပြီး မိုးကုပ်စက်ဝိုင်း အခြေတွင် နက်ပြာရောင် သန်းနေသည်။ ထိုရောင်စဉ် နှစ်သွယ် ထိစပ်သော နယ်နိမိတ် အစွန်းမှာတော့ ဆန်းကြယ်စွာပဲ အရောင် ဖျော့နေပြီး အဖြူရောင် အလင်းတန်း မှိန်မှိန်များ မထင်မရှား ဖြာထွက်နေသည်။

ဝရန်တာတွင် မတ်တတ်ရပ်ပြီး မန္တလေးမြို့၏ ည မြင်ကွင်းကို ဝေယံ ငေးကြည့်နေမိသည်။ ညချမ်းလေက တဖြူးဖြူး တိုက်ခတ်လျက်။ ဆောင်း ဝင်လာပြီ ဖြစ်၍ ခန္ဓာကိုယ်ကို ဖြတ်တိုက်သွားသော လေညင်းတို့တွင် ချမ်းစိမ့်သော အအေးဓာတ်ကလေးများ ပါဝင်နေသည်။ ဝေယံ လေပူ တစ်ချက် မှုတ်ထုတ်ကာ ခန္ဓာကိုယ်ကို ကျုံ့ပြီး လက် နှစ်ဖက်ဖြင့် လက်မောင်းများကို ခပ်ဖွဖွ ပွတ်သပ်မိသည်။ အေးစက်နေရာမှ အနည်းငယ် နွေးထွေးသွားသယောင်ယောင် ရှိသည်။

ဝရန်တာမှ ကြည့်ပါက မန္တလေးမြို့၏ ည အလှကို ကောင်းစွာ မြင်ရသည်။ သို့သော် နက်မှောင်သော ကောင်းကင်ယံတွင် ကြယ် မရှိ။ လ မရှိ။ အလင်း တစ်စက်မှ မရှိဘဲ မှောင်မည်းနေသည်။ သို့ရာတွင် မဟူရာ အမှောင်လို ပိန်းပိတ်ထူအောင် အလင်း မဲ့နေခြင်းမျိုးတော့ မဟုတ်။ တိုက်ခန်း၊ အထပ် မြင့်သည့် အဆောက်အဦးတို့ဆီမှ လာသော အလင်းများက လင်းလက်မှုကို ပံ့ပိုးပေးထားသည်။

မြေပြင်မှ ထိန်ထိန်ညီးစွာ တောက်ပနေသော အလင်းတို့က ကောင်းကင်ယံကို သွား၍ ထင်ဟပ်နေသည်။ ထို့ကြောင့် မိုးသားများကပါ ကိုယ်ပိုင် အရောင်အဝါ ရှိသလို လင်းလက်နေကြသည်။ ခြုံငုံရပါက မန္တလေးမြို့၏ ညချမ်းက အလင်း တစ်ဝက်၊ အမှောင် တစ်ဝက်ဖြင့် ထူးထူးခြားခြား လှပနေကာ မှော်ပညာဖြင့် ဖန်တီးထားသော ပန်းချီကား တစ်ချပ်လို ဆန်းပြားနေသည်။

အလင်း တစ်ဝက်၊ အမှောင် တစ်ဝက်။

အကောင်း တစ်ဝက်၊ အဆိုး တစ်ဝက်။

လွန်ခဲ့သည့် နာရီပိုင်းက မိဘ နှစ်ပါးနှင့် ဆုံပြီး ညစာ စားဖြစ်ခဲ့ကြသည်။ ညစာ စားပွဲတွင် ဒေါ်စန္ဒာခင်၏ ထိန်းကွပ်မှုဖြင့် ဦးဝေယံဟိန်းနှင့် နေသူရိန်မင်းခန့်တို့ အကြား ဘယ်လို ပြဿနာမျိုးမှ မရှိခဲ့။ သို့ရာတွင် ဂူ တစ်ဂူထဲ ခြင်္သေ့ နှစ်ကောင် အောင်းနေခြင်း ဖြစ်၍ ပြဿနာက တစ်ချိန်ချိန် ဖြစ်လာမှာ သေချာသည်။

SUN { Season 1 }Where stories live. Discover now