Unicode - Epilogue

13.2K 528 168
                                    

ပန်းခင်းလမ်း ဆိုတာ
လွယ်ကူစွာ ဖြစ်တည်လာသော
လမ်း တစ်လမ်းတော့ မဟုတ်ပေ။

ပန်းခင်းလမ်း
တစ်လမ်း ဖြစ်လာဖို့
ကြွေပေးရသော၊ ဝေပေးရသော
ပန်းကလေးတွေ အများကြီး ရှိခဲ့ကြသည်။

ထို့နည်းတူ ရှင်သန်ရာ ဘဝထဲမှာ
ပျော်ရွှင်ဖွယ်ရာ ဇာတ်သိမ်းလေး တစ်ခု ပိုင်ဆိုင်နိုင်ဖို့
ရုန်းကန် ရင်ဆိုင်ရမည့် ရွေးချယ်မှုတွေဟာ အများကြီးပါပဲ။

အဆုံးသတ်ကလေး လှပစေဖို့
ငိုခဲ့ရသော၊ ပြိုခဲ့ရသော၊ နာခဲ့ရသော
ရက်လတွေဟာ အတိတ်မှာ များစွာ ရှိခဲ့ကြသည်။

ပေးဆပ် ပြိုလဲ ငိုကြွေးခဲ့ရသော
နာကျင် ထိရှ ပြင်းပြမှုတွေ၏ အပြီး။

နောက်ဆုံးမှာ . . . ။

ပျော်ရွှင်ဖွယ်ရာ ပန်းခင်းလမ်းပေါ်
သူတို့ ရောက်နေခဲ့ကြပြီပဲ မဟုတ်လား။

~•~ ~•~ ~•~

နှင်းမှုန်များလို လွင့်ဝဲတတ်သည့် ပန်းနုရောင် ပွင့်ဖတ်တို့ဟာ ထောင်ပေါင်းများစွာ မတ်မတ် စီတန်းနေသော ဆာကူရာ ပန်းဥယျာဉ်ကြီးထဲ ပျော်ပါးစွာ ကခုန်နေကြသည်။ အရပ်မျက်နှာ တစ်ခွင် ဘယ်ကိုပဲ ကြည့်လိုက် ကြည့်လိုက် ပန်းနုရောင် အစုလိုက် အခိုင်လိုက် ပွင့်လန်းနေသော ဆာကူရာ ပန်းခိုင်များကိုသာ မြင်တွေ့ရတာ သိပ်ကို ကြည်နူးစရာ ကောင်းလွန်း၏။ ပန်းနုရောင် ပင်လယ်ကြီးထဲ နစ်မြှုပ်နေသလို။ အလုံးလိုက် အလျှံလိုက် ပြည့်တက်လာသော လှိုင်းလုံးများဟာ ဂိမှာန် တောအုပ်ငယ်ထဲ ညှို့ဆိုင်းစွာ ရှိနေတော့သည်။

နားဝင်ပီယံ ချိုမြိန်သော ကျေးဌက်တို့က သာယာစွာ တေးဆိုသည့်အခါ မိန်းမောဖွယ် ကြည်သာသော ရယ်သံတို့က ပန်းကမ္ဘာထဲမှ လှိုက်ခုန်စွာ တိုးထွက်လာသည်။

ယနေ့က
နေမင်းကြီးနှင့် အလှလေးတို့
လက်ထပ်မည့် နေ့ တစ်နေ့ပဲ ဖြစ်သည်။

မင်္ဂလာပွဲကို ဆာကူရာ ပန်းဥယျာဉ် အလယ် ကျင်းပတာ ဖြစ်၍ ပွဲလာသူ ဧည့်သည်အပေါင်းက ဥယျာဉ် အလယ်သို့ ရောက်အောင် လမ်းလျှောက် ဝင်ရမည် ဖြစ်သည်။ သို့သော် ဥယျာဉ်ဝ ကားပါကင်မှာ ကား ထိုးရပ်လိုက်တာနှင့် မင်္ဂလာပွဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်အောင် လိုက်လံ ပို့ဆောင်ပေးမည့် မြင်းရထားလုံးများက ဧည့်သည်များစွာကို လာရောက် ကြိုဆိုကြ၏။ မြင်း လေးကောင် ဆွဲသည့် ရထားလုံးကို စီးရင်း မင်္ဂလာပွဲသို့ အေးဆေးစွာ တက်ရောက်နိုင်သည့် ပြင်ဆင်မှုပဲ ဖြစ်သည်။

SUN { Season 1 }Where stories live. Discover now