Unicode - 51

11.2K 809 249
                                    

"မင်းသမီးလေးက ငန်းမလေးအဖြစ် ပြောင်းသွားတယ်၊ အချစ်စစ်ကသာ သူမရဲ့ ကျိန်စာကို ဖျက်နိုင်မှာ၊ ဒါပေမယ့် . . သူမရဲ့ မင်းသားလေးက တခြား ကောင်မလေးကို ချစ်မိသွားတယ်"

"ဟင် . . မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲ့လို မဟုတ်ပါဘူး"

"ပုံပြင်က ဒီအတိုင်းပဲလေ"

"ဟင့်အင်း . . ဟင့်အင်း၊ မင်းသားလေးက ငန်းမလေးကို ချစ်ရမှာ၊ ငန်းမလေးက မင်းသမီးလေး ပြန်ဖြစ်သွားမှာ၊ အဲ့လို ဖြစ်ရမှာလေ"

"သြော် . . ဟုတ်လား၊ ဒါဖြင့် သမီး ပြောသလိုပေါ့၊ မင်းသားလေးက ငန်းမလေးကို ချစ်သွားတယ်၊ ဒီလိုနဲ့ သူတို့ နှစ်ယောက် အသက်ထက်ဆုံး ပျော်ရွှင်စွာ နေသွားကြလေသတည်းပေါ့ . . ဟုတ်လား"

"ဟီး . . ဟုတ်တယ်၊ ဟုတ်တယ်"

နန်းယုက နက်မှောင်သော မျက်လုံးကလေးများ ရွှန်းလဲ့သွားအောင် တခစ်ခစ် ရယ်လိုက်၏။

ခြံထဲရှိ Wisteria ပင်ကြီး အောက်မှာ ဝေယံနှင့် နန်းယု ရှိနေသည်။ ကျောင်း ပိတ်ရက် ဖြစ်တာမို့ အိမ်စာတွေ ပြီးတုန်း တစ်ခဏ ဝေယံက သမီးဖြစ်သူ နန်းယုဝေကို ပုံပြင် ပြောပြနေခြင်း ဖြစ်သည်။

ပန်းနွယ်များ တွဲလဲခိုနေသော Wisteria ပင်ကြီး အောက်မှာ စာရေးစားပွဲနှင့် ထိုင်ခုံများ ချခင်းပြီး ထိုင်နေတာကြောင့် ရှူရှိုက်ရသော လေထုက ရင်ထဲအထိ သင်းပျံ့ ချိုမြနေသည်။ ပန်းဥ ပန်းခက်များက နေရောင်ဖျော့ဖျော့ အလင်းဖြင့် ရှားရှားပါးပါး ငွေရောင် တောက်နေသည်။ ငွေရောင်ထဲမှာမှ ဖြူဥ နုဖတ်သော ပန်းပွင့်များကို ခမ်းနားစွာ မြင်ရ၏။

ဘေးဘီဝဲယာတွင် ပန်းနုရောင် မြူမှုန်တို့ ကခုန်နေကြသည်။

ဆာကူရာ ပွင့်ဖတ်များ . . ။

နွေဦးရာသီ ဖြစ်တာမို့ ဆာကူရာများပင် ပွင့်လို့လာပြီ ဖြစ်သည်။

ကား မောင်းဝင်ရသော ခြံလမ်းတစ်လျှောက်တွင် ဆာကူရာ ပင်တန်းများ စီစီရီရီ။ ပင်လုံးကျွတ် ပန်းနုရောင်သန်းစွာ ဝေဆာနေကြသည်။ ဖူးပွင့် လှပနေပုံက ရှက်သွေးဖြာနေသည့် လုံမပျိုတွေလို။ အုတ်လှေကား အနီးမှ ပန်းချုံပင်ကလေးများက နီရဲ တောက်ပသော ပန်းပွင့်လှလှတို့ဖြင့် လောကကြီးကို အလှဆင်နေကြပြီ ဖြစ်သည်။

SUN { Season 1 }Where stories live. Discover now