Unicode - 53

9.8K 650 160
                                    

အာကာဟိန်းထက် အိမ်ထဲမှ လျင်မြန်စွာ ထွက်လာခဲ့သည်။

ခြံအတွင်း လျှောက်လမ်းသို့ သူ ရောက်သည့်အခါ နွေးထွေးသော ရောင်ခြည်နှင့် သဘာဝတရား၏ လေညင်းက လန်းဆန်း ယုယစွာ ဆီးကြို ပွေ့ဖက်ကြ၏။ အာကာဟိန်းထက် အသက်ကို ခပ်ပြင်းပြင်း ရှိုက်ပြီး ရှူလိုက်မိသည်။ တစ်ကိုယ်လုံး ပင်ပန်း နွမ်းနယ်ပြီး စိတ်ဆတ်နေသမျှ လွင့်စဉ်သွားတော့သည်။

သူ စိတ်ကူးသည်။
    
တစ်ခဏတော့ ရေအိုင် အနားက ထိုင်ခုံမှာ ထိုင်ဦးမည်။

ထို့နောက် မြင့်မတ် အုပ်ဆိုင်းသည့် သစ်ပင်ကြီးတွေ မိုးထားသော ရွှေငါးလေးများ ရှိသည့် ရေကန်ငယ်ဆီသို့ သူ လျှောက်လာခဲ့သည်။ ရေကန်က အနားစွန်းမှာ ကျောက်တုံးကလေးများဖြင့် စီရံထားပြီး သိပ်တော့ မနက်။ ကန် အတွင်းမှာ အရွယ်အစား အတော်အတန် ကြီးသည့် ရွှေငါး တစ်ဆယ့်တစ် ကောင် မွေးမြူထားလျက် ရှိသည်။ သူတို့က ရေမှော်ပင်နှင့် ကြာပင်များ အကြား ပျော်ရွှင်စွာ ကူးခတ် သွားလာနေကြ၏။
    
ရွှေငါးများက ရောင်စုံ။ တချို့က ရွှေရောင်၊ တချို့က ငွေရောင်၊ အများစုက အရောင် နှစ်မျိုး စပ်။ ထိုမျှမက အမည်းရောင်နှင့် ရွှေရောင် စပ်သည့် အလှမွေးငါး တချို့ပါ တွေ့ရသည်။

ရေကန်ငယ်ဟာ ပန်းချီကားထဲမှ ရေကန် တစ်ခုနှင့် တူသည်။ ရေများမှာ ကြည်လင်နေရုံမက အောက်ခြေ ကြမ်းပြင်အထိပါ မြင်ရသည်။ လုံးပတ်ကြီးပြီး အရွယ်အစား ညီမျှသော သစ်ပင်တို့ကပါ မိုးရံ အထက် ပေါင်းမိုးသဖွယ် ကာရံထားသေး၏။
    
ချစ်စရာ ကောင်းလိုက်ပုံက ရေစပ်မှာ အဖြူရောင် ထိုင်ခုံ တစ်ခုံ ရှိနေတာပဲ ဖြစ်သည်။ ထိုင်ခုံဖြူ၏ ဘေး နှစ်ဖက်ကို အဝါရောင် ပန်းချုံပင်များက ခိုင်ခိုင်မာမာ နွယ်ရစ်ထား၏။ ရေကန်စပ် အခြေ၌ သေးသေး ပိစိဖြင့် စိမ်းနုရောင် ကြွယ်ဝသော Clover သစ်ရွက်အုပ်ကလေးများ ပေါက်ရောက်လျက် ရှိသည်။
    
ထိုင်ခုံဆီ ရောက်ဖို့ ကျောက်တုံး ဒီဇိုင်းဖြင့် ဖန်တီးထားသည့် မြေပြင်မှ ခြေနင်းကွက်များကို အာကာဟိန်းထက် နင်းဖြတ်ရသည်။ ရှေ့ကို ဆက်လျှောက်။ အရိပ်အာဝါသ အောက်သို့ သူ ခိုဝင်လိုက်သည့်အခါ ချက်ချင်းလိုလို အေးမြ ငြိမ်းချမ်းသွားတော့၏။
    
ခမ်းနားလှသည့် နားခိုရာ တစ်ခုပါလား။

SUN { Season 1 }Where stories live. Discover now