Unicode - 34

9.8K 831 140
                                    

ပတ်ဝန်းကျင်ဟာ အေးရိပ်ငြိမ်လို့။
နေရာစုံတွင် စာအုပ်များ စိုးမိုးနေသည်။

စင်္ကြံတစ်လျှောက် သေသပ်စွာ စီတန်းထားသော စာအုပ်စင်နှင့် သောင်းချီအောင် ရှိသည့် စာအုပ်များ။ ရွှေအိုရောင် စာလုံးဖြင့် ရေးထိုးထားတာက မေပယ်လ် စာကြည့်တိုက်။ ဂျပန် လူမျိုးတို့၏ အယူအဆအရ မေပယ်လ် ဟူသည် ' ဆောင်းဦးကို ကြိုဆိုခြင်း ' ဖြစ်သည်။

သို့သော် ယနေ့က နှစ်သစ်ကူး အကြိုနေ့ ဖြစ်သည်။ ဆောင်းနှောင်းပိုင်း ဖြစ်တာမို့ စာကြည့်တိုက် ပြင်ပမှာ မြူနှင်းများ ကျဆင်းလျက် ရှိသည်။ နေရောင်ဟာ ထူထဲသော မြူခြုံလွှာကို ခုခံနိုင်စွမ်း မရှိသေး။ သို့ပေမယ့် မန္တလေး ဆောင်းဟာ နှင်းမှုန်များကို ဖြိုးဖြိုးဖြောက်ဖြောက် မကျစေနိုင်။ ညင်သာသည့် ချမ်းစိမ့်မှုကိုသာ ခံစားရစေရုံ ဖြစ်သည်။

ဝေယံ စာကြည့်တိုက်၏ ပြတင်းမှန်ကို တွန်းဖွင့်လိုက်သည်။ တံခါး ပွင့်သွားတာနှင့် ညှို့ဆိုင်းသော မြူမှုန်က စာကြည့်စားပွဲထံ လဲလျောင်းလာ၏။ အဲ့ဒီမှ တစ်ဆင့် စနစ်ကျစွာ စုစည်းထားသည့် စာအုပ်များထံ။ ထို့နောက် ဖတ်ရှု လေ့လာသူထံ။

"လွန်ခဲ့တဲ့ နှစ်ရက်က အိမ်က ကြောင် သေသွားလို့ စိတ် ထိခိုက်နေတယ် ကြားတယ်"

10 % Happier ဆိုသည့် စာအုပ်ကို ဦးဝေယံဟိန်း ဖတ်နေရာမှ အကဲခတ်စွာ မေးလာသည်။ ဖခင် ရှေ့မှာ နိုင်ငံခြားဖြစ် စာအုပ်များစွာ ရှိနေသည်။ ထိုအထဲမှ The Girl on the Train ဆိုသည့် စာအုပ်ကို ဝေယံ ဖတ်ဖူးသည်။ သို့သော် Deborah Harkness ရေးသားထားသည့် The Book of Life ကိုတော့ သူ မသိ။

"အခုရော ဘယ်လိုနေလဲ"

"အဆင်ပြေလာပါပြီ"

"ယောကျာ်း ဖြစ်ပြီး ခံစားချက်ကို ဦးစားပေးနေတာမျိုးတော့ ငါ မကြိုက်တာ မင်း သိတယ်မလား"

"ဟုတ်၊ သိပါတယ် Pa"

ဦးဝေယံဟိန်းက Men Don't Cry ကို လက်ခံထား သူ ဖြစ်သည်။ ယောကျာ်း ဖြစ်ပြီး မျက်ရည် လွယ်နေခြင်းက ဖခင်အတွက် စိတ် အနှောင့်အယှက်သာ ဖြစ်သည်။ ထို့ကြောင့် ပြောရမည့် စကားများကို ဝေယံ သတိထားနေရသည်။

SUN { Season 1 }Where stories live. Discover now