Unicode - 52

10.2K 719 129
                                    

နေရောင် . . . ။

ပူနွေးလှသော နွေဦး၏ မနက်ခင်း နေရောင်က သစ်ရွက်များ အကြား ထိုးဖောက် ဖြတ်သန်းလျက် ခြံတွင်းမှာ စိုးမိုးနေသည်။

အို . . စူးလိုက်တာ။

ဝေယံ လက်ချောင်းများ ဖြန့်ပြီး မျက်နှာပေါ် မေးတင်နေသည့် နေမင်း၏ ဖြာဝေမှုကို ခေတ္တ ခဏ ကာကွယ်လိုက်သည်။ သစ်ရွက်များထံမှ ခုန်ဆင်းလာသော ရောင်ခြည်၏ အလင်းတန်းတို့က ထိုလက်ချောင်းများ အကြားပါ ကြည်လင် တောက်ပနေတော့၏။

"ဖေဖေ . . ခိုတွေ"

မြက်ခင်းပြင်သို့ လှည့်မကြည့်မီ တိုးတိတ် ညင်သာသော လှုပ်ရှားမှု တစ်ခုကို ဝေယံ အရင်ဆုံး ရလိုက်သည်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ရိုက်ခတ်လိုက်သည့် တောင်ပံခတ်သံ။ ထို့နောက် တိုးတိုးဖွဖွ ခုန်ဆင်းလာသည့် ညည်းရှိုက်သံ။

ပြာလဲ့လဲ့ ကောင်းကင် အောက်က ကျိုတို စံအိမ်ကြီး၏ စိမ်းနုရောင် မြက်ခင်းပြင် အလယ်တွင် ဝေယံတို့ ရှိနေသည်။ နန်းယုက ဖခင်ဖြစ်သူ၏ အင်္ကျီစကို ဆုပ်ကိုင်လျက် အနားတွင် ကပ်ရပ်နေသည်။ သူတို့ မျက်စိ ရှေ့မှာ မီးခိုးပြာရောင် ခို အုပ်လိုက်ကြီး။ အနည်းဆုံး အကောင် သုံးဆယ်လောက်တော့ ရှိမည်။ ခိုဌက်တွေက ခေါင်းများကို ဘယ်ညာ စောင်းလျက် ဖြည်းဖြည်းချင်း ရွေ့လျားနေကြသည်။ တချို့က မြက်ခင်းပြင်ထဲမှ အစေ့အဆံ အနည်းငယ်ကို နှုတ်သီးဖြင့် ကောက်ယူ စူးစမ်းနေကြသည်။

ချစ်စရာကောင်းလိုက်တာ။

ခိုကလေးတွေက ဝေယံ အစာ ကျွေးနေကျ ဖြစ်တာမို့ မနက်ခင်းတိုင်း အချိန်မှန်မှန် အစာ လာတောင်းတတ်သည်။ တစ်ခါတလေ အစာ ကျွေးဖို့ မေ့နေသော နေ့များ ရှိပါက အိမ်ရှေ့ တံခါးဝအထိ ရောက်လာကြတော့သည်။ ထို့နောက် အုတ်လှေကား အနီး နေရာ အခန့်အသား ယူပြီး ခေါင်းများကို ဘယ်ညာ ယိမ်းလျက် သူတို့ ခန္ဓာကိုယ် သေးသေးလေးများဖြင့် လှုပ်စိလှုပ်စိ လမ်းလျှောက်ကာ အိမ်ထဲမှ ဝေယံ ထွက်အလာကို စောင့်မျှော်တတ်ကြသည်။

SUN { Season 1 }Where stories live. Discover now