Unicode - 64

6K 461 106
                                    

ရေပန်းမှ အေးစက် စိုထိုင်းသော ရေစက်များ ဝေယံ ကိုယ်ပေါ်သို့ ကြမ်းတမ်း မြိုင်ဆိုင်စွာ ခုန်ဆင်းလာခဲ့သည်။ ဝေယံ တစ်ကိုယ်လုံး ရေအေးများကြောင့် ရွှဲရွှဲ စိုသွားတော့သည်။
    
အထက်မှ ခုန်ဆင်းလာသော ရေစက်တို့က ဝေယံ၏ ဆံနွယ်များထက် လှည့်ပတ် စုဝေးနေကြသည်။ သို့သော် ကမ္ဘာမြေ ဆွဲအား၏ စွမ်းအင်ကို မလွန်ဆန်နိုင်စွာ ဖြူဖွေး နုနယ်သော နဖူးပြင်ထက် တစ်လိမ့်ချင်း၊ တစ်လိမ့်ချင်း ဖြည်းညင်းစွာ လိမ့်ဆင်းလာခဲ့ကြသည်။ ထို့နောက် လိမ္မော်နုရောင် မျက်ခွံတို့ထက် ရစ်ဝဲလာသည်။ အချို့သော ရေစက်တို့မှာ ကျီစယ်ဟန် ရှိပုံ ရ၏။ ဖြာဆင်းနေသော မျက်တောင်ဖျားတို့ထက် ရွှင်ရွှင်မြူးမြူး ရီးလေး ခိုနေကြပြန်သည်။
    
တစ်ဆက်တည်းမှာပင် ပိုင်ဆိုင်သူကို မကြောက်မရွံ့ ပတ္တမြားရောင် ထင်ဟပ်နေသော ပါးမို့မို့ထက် ရဲရဲတင်းတင်း နယ်မြေ ချဲ့ထွင်လာ၏။ နောက်ဆုံးမှာတော့ ပန်းနုရောင် သန်းနေသည့် နှုတ်ခမ်းလွှာကို ပွတ်တိုက် ဖြတ်ကျော်လို့ မေးဖျားတွင် တွဲလဲခိုကာ ရေချိုးခန်း ကြမ်းပြင်သို့ လျင်မြန်သော အရှိန်ဖြင့် ဗြုန်းခနဲ ခုန်ဆင်းသွားတော့သည်။
    
ကျဆင်းသွားသော ရေစက်တို့မှာ ပြင်းထန်လှသည့် အဟုန်ဖြင့် ရောင်စုံ ကျောက်စရစ်ခဲတို့ ခင်းကျင်းထားသော ကြမ်းပြင်ကို ထိပ်တိုက် ထိခတ်ကာ အနှေးပြကွက် အသွင် သေးငယ်သည့် ရေစက်မှုန်များအဖြစ် လွင့်စဉ် ကွဲထွက်ကုန်သည်။

ရေချိုးခန်း အတွင်း၌ ရေ ကျသံတို့ တဖွဲဖွဲ ဆူညံနေသည်။ ဆာကူရာ ပွင့်ဖတ်တို့ ပါရှိသော မှန်နံရံတွင် မြူခိုးများ ဆိုင်းနေသလို ရေစက်မှုန်များ ထူထဲစွာ ရိုက်ခတ်လျက် ရှိသည်။ ထိုမှန်ထက်တွင် လက်ချောင်းရာများ ထင်ဟပ်နေခဲ့သည်။ ဝေယံ၏ လက်ချောင်းများပဲ ဖြစ်သည်။ ရေချိုးခန်း မှန်နံရံကို သူ ဖိထောက်ထားခဲ့တာ အတော် ကြာပြီ ဖြစ်သည်။ လက် နှစ်ဖက်တွင် ချွေးစေးများဖြင့် စိုထိုင်းနေခဲ့ပြီ။
    
ဝေယံ တစ်ကိုယ်လုံး၏ စိုရွှဲမှုက ရေစက်များကြောင့်လား၊ ချွေးစက်များကြောင့်လား ဆိုတာ ကွဲကွဲပြားပြား မသိနိုင်။ သို့ရာတွင် ဝတ်ထားဆဲ ဖြစ်သော ရှပ် အဖြူလေးက ရေများ စိုရွှဲကာ အတွင်းသားတို့ကို ဖောက်မြင်နိုင်အောင်အထိ ပါးလှပ်နေခဲ့သည်။ ထိုမျှမက လေးလံလှသော ရေစက်တို့ကို စုပ်ယူထားမှုကြောင့် အောက်ဖျားသို့ ညွှတ်ကျကာ ရေများ တစက်စက် ကျလို့ ဖြူဝင်းသော ပခုံးစွန်း တစ်ဖက်အား လစ်ဟာနေစေခဲ့သည်။

SUN { Season 1 }Where stories live. Discover now