Unicode - 74

5.5K 458 128
                                    

သာမန်ထက် အနည်းငယ် အေးဆေးသည့် မနက်ခင်း တစ်ခု။
    
နွေးပူ လင်းထိန်သော နေ အလင်းတန်းက အိမ်ကြီး၏ ပြတင်းမှန်ကို ဖြတ်ကျော်လို့ ဧည့်ခန်းရှိ ခမ်းနား ကြီးကျယ်သည့် ဖန်မီးဆိုင်းကြီး၏ စိန်သဏ္ဌာန် ဖန်တုံးများထံ တိတိကျကျ အလင်း ထိုးနေသည်။ ထိုသို့ ရောင်ခြည် သက်ဆင်းလာသည့်အခါ ဖန်တုံးဖန်စများက အဘက်ဘက်မှ အလင်းဖြာပြီး ဧည့်ခန်း တစ်ခွင် သက်တံ့ရောင် အနန္တ အလင်းစအား ဖြန့်ဝေပေးသည်။

သို့ရာတွင် ခုနစ်ရောင်စဉ် အလင်းတန်းတို့က အကြာကြီး အကြာကြီး တောက်ပစွာ မလင်းဖြာနိုင်။ ဘာကြောင့်ဆို ဧည့်ခန်းရှိ ဆိုဖာထက် ဣန္ဒြေကြီးစွာ ထိုင်နေသည့် လူ တစ်ယောက်ကြောင့်ပေ။
    
ထိုသူက နေသူရိန်မင်းခန့်ပဲ ဖြစ်သည်။

ဟုတ်ပါသည်။
    
ပူလောင် ပြင်းပြသော နေမင်းကြီး တစ်စင်းအလား မျက်စိ ကျိန်းလောက်အောင် အလင်းဓာတ်တို့ ထုတ်လွှတ်နိုင်သော တန်ခိုး သြဇာကြောင့် ကြားခံနယ် ရှိမှ အလင်း ဖြာနိုင်သည့် ဖန်တုံးဖန်စများ၏ အလင်းထုဟာ လွယ်လင့်တကူ ကွယ်ပျောက်သွားခြင်း ဖြစ်သည်။ မှိန်မှိန်ပါးပါး အလင်းစတို့က သူ၏ ထည်ဝါ တောက်ပမှုလောက် မခမ်းနားနိုင်။ တုနှိုင်း မမဲ့နိုင်။ ထို့ကြောင့် ရှက်ရွံ့စွာ ပြေး၍ ပုန်းကွယ်သွားကြတာပဲ ဖြစ်သည်။

"နေယံနဲ့ ပြိုင် ဘယ်သူ နိုင် ဆိုတဲ့ ကစားပွဲသာ ရှိရင် . . ဒီအဆော့ ပြိုင်ပွဲမှာ သားကို နိုင်မယ့် သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး"

နေသူရိန်မင်းခန့် ဆိုဖာ လက်ကိုင်ပေါ် တံတောင် ထောက်လျက် ပါးပြင်ထက် လက်ဖဝါး အပ်ကာ ဝေယံတို့ သားအဖ နှစ်ယောက် ဆော့ကစားနေတာကို တိတ်တဆိတ် ငေးကြည့်နေသည်။
    
ဝေယံက ဧည့်ခန်းရှိ ကြမ်းပြင်တွင် ဖျာ တစ်ချပ် ခင်းစေကာ အရုပ်များ စုပုံပြီး နေယံ နေသာအောင် အဖော်ပြု ဆော့ကစားပေးနေသည်။ ချပေးထားသည့် အရုပ်များက နေသူရိန်မင်းခန့် ကိုယ်တိုင် တန်ဖိုးထားပြီး တယုတယ သိမ်းဆည်းထားသည့် အဖိုးတန် အရုပ်များပဲ ဖြစ်သည်။
    
ထိုအခိုက် မသဲကွဲသည့် အရာဝတ္ထု တစ်ခုက နေမင်းကြီး မျက်နှာ အနီးသို့ အရှိန်ပြင်းပြင်း လွင့်ပျံလာသည်။ နေသူရိန်မင်းခန့် ထိုအရာကို မျက်တောင် တစ်ချက် မခတ် အားနေသည့် ဝဲရာ လက်ဖြင့် ပိုင်ပိုင်နိုင်နိုင် ဖမ်းဆုပ်လိုက်သည်။ ဖမ်းမိသည့် အရာကို လက်ဖဝါးထဲမှ ထုတ်ကြည့်သည့်အခါ အရုပ် တစ်ရုပ်၏ ခန္ဓာကိုယ်မှ ပြုတ်ထွက်လာသည့် ခေါင်း တစ်ခု ဖြစ်နေမှန်း သိလိုက်ရသည်။
    
နေသူရိန်မင်းခန့် ဝေယံတို့ သားအဖထံ အကြည့် ပြန်၍ ဝေ့ဝဲလိုက်တော့ နေယံက အရုပ် တစ်ရုပ်ကို လက်ထဲမှာ ဆုပ်ကိုင်ပြီး အုတ်သမံတလင်းနှင့် အဆက်မပြတ် ထုရိုက်နေသည်။ ဆော့ကစားနေခြင်းလား။ ဖျက်ဆီးနေခြင်းလားပင် မသဲကွဲ။ သို့ရာတွင် ထိုအရုပ်တွင် ခေါင်း မရှိတော့။ ထိုမျှမက ပွန်းပေပြီး ကျိုးပဲ့နေတော့၏။ ကြည့်ရတာ သမံတလင်းနှင့် ရိုက်ဆောင့်ရာမှ မခံနိုင်စွာ အရုပ် ခန္ဓာကိုယ်မှ ကျွတ်ထွက်ပြီး နေမင်းကြီးကို လာစင်တာပဲ ဖြစ်ရမည်။

SUN { Season 1 }Where stories live. Discover now