Unicode - 49

16.2K 954 150
                                    

ညနေ နေခြည် နွေးနွေးက
မှန်နံရံ ပြတင်းပေါ် ခပ်စောင်းစောင်း တင်နေသည်။
    
ဟိုးအထက် မှန်ပြတင်းမှ တစ်ဆင့် တောက်ပ ဖြာလဲ့လာသော နေရောင် တစ်စွန်းတစ်စက ဧည့်ခန်း ကြမ်းပြင်ပေါ်၊ ဆိုဖာ ခုံရှည်ပေါ်။ ထို့နောက် စားပွဲပေါ်ရှိ အကြည်ရောင် ဖန်ခွက်နှင့် ပန်းအိုးများပေါ်။ တစ်ဆက်တည်းမှာပဲ ရွှေရောင် ဘောင်တို့ဖြင့် ထောက်ခံထားသည့် ကြည့်မှန် တစ်ချပ်ပေါ်သို့ အလင်းဖြာလျက် ရှိသည်။
    
ဝိုးတဝါး ပုံရိပ်ကိုသာ လှမ်းမြင်နိုင်သော ထိုကြည့်မှန် အဝိုင်းကလေးထဲတွင် နေသူရိန်မင်းခန့်၏ အပြုံး မျက်နှာကို မြင်ရနိုင်သည်။

ဝေယံ ရှေ့တွင် နေသူရိန်မင်းခန့် ထိုင်နေသည့်အခါ ဝေယံက နေသူရိန်မင်းခန့် ကုလားထိုင် နောက်မှာ မတ်တတ်ရပ်လျက် ရှိနေခဲ့သည်။
    
နေသူရိန်မင်းခန့် ခန္ဓာကိုယ် အရှေ့ပိုင်းတွင် အဖြူရောင် အဝတ်စ တစ်ခု လွှမ်းခြုံထားလျက်သား။ ဝေယံ လက်ချောင်းများထဲတွင် စတီးရောင် ကတ်ကြေး တစ်လက် ရှိနေခဲ့သည်။ နီညိုရောင် ကြမ်းပြင်မှာတော့ ကိုက်ညှပ်ထားလက်စ ဆံသား တချို့ ဟိုစုစု ဒီစုစု။
    
အားလုံးက နေသူရိန်မင်းခန့် ဆံပင်များပဲ ဖြစ်သည်။ ရှည်လျားလာသည့် ဆံစများကို အားလပ်တုန်း တစ်ခဏ ဝေယံ ညှပ်ပေးနေတာပဲ ဖြစ်သည်။

"ယံ့ကို ကျွန်တော့်ရဲ့ လက်တွဲဖော်အဖြစ် အိုကားစံ လက်ခံသွားတာ . . ကျွန်တော်ဖြင့် အခုထိတောင် မယုံနိုင်သေးဘူး"

နေသူရိန်မင်းခန့်က ဝေယံ ဖြီးတင်ပေးနေသည့် ခေါင်းဘီး၏ ညင်သာမှုကို စိတ်ရှည်လက်ရှည် ခံယူရင်း စကား တစ်ခွန်း ဆိုလာသည်။

"ဘယ်လိုများ စည်းရုံးလိုက်တာလဲ"

"တကယ်တော့ . . ဘာမှတောင် ပင်ပင်ပန်းပန်း မလုပ်လိုက်ရပါဘူး၊ အားလုံးကို အိုတိုးစံပဲ ရှင်းပြပေးသွားတာ"

"အိုတိုးစံကလား"

"အွန်း"

နေသူရိန်မင်းခန့် ဆံပင်များကို ဝေယံ လက်ထဲ သိမ်းယူရင်း အဖျားစွန်းများအား ကတ်ကြေးဖြင့် ကျွမ်းကျွင်စွာ ကိုက်ဖြတ်လိုက်သည်။ တစ်ချက်၊ နှစ်ချက်။ လှုပ်ရှားမှု အဆုံး ဆံစမွမွများ ကြမ်းပြင်ပေါ် ပျော်ပျော်ပါးပါး ခုန်ဆင်းလာတော့သည်။

SUN { Season 1 }Where stories live. Discover now