Unicode - 68

5.9K 479 95
                                    

ကြိုးစားတာကို မရပ်သရွေ့
ဘယ်တော့မှ ရှုံးနိမ့်မည် မဟုတ်။
         
မိုက်ခ် ဒစ်ကဒ် ပြောခဲ့သည့် စကား တစ်ခွန်း ဖြစ်သည်။
    
ကိုယ် လုပ်သည့် ကိစ္စတိုင်းတွင် အကျိုး သက်ရောက်မှုအတွက် အစွန်း နှစ်ဖက် ဆိုသော ရလဒ် နှစ်မျိုး ရှိလေသည်။ အဆိုး ရှိပါက အကောင်း ရှိမည်။ ကျရှုံးမှု ရှိပါက အောင်မြင်မှု ရှိမည်။ ဘယ်သောအခါမှ တည်ငြိမ်သည့် ရလဒ် တစ်ခုနှင့် အချိန် အကြာကြီး ရပ်တည်၍ မနေနိုင်။ ထို့ကြောင့် မုန်တိုင်း ပြီးပါက လေပြည် လာမည် ဟူသော ဆိုရိုးစကား ထွက်ပေါ်လာခဲ့ခြင်းပဲ ဖြစ်သည်။
    
အရေးကြီးသည့် အခန်းကဏ္ဍက
ကြိုးစားမှုကို ရပ်တန့် မပစ်ဖို့ပဲ ဖြစ်သည်။
    
"ကျွန်တော်တို့ရဲ့ သွေးသားလေး သေသွားပြီ"
    
ဖန်ပြွန်သန္ဓေ စမ်းသပ်မှု ကျရှုံးသည့် သတင်းဆိုးဟာ ဝေယံ့အတွက် နက်ရှိုင်းသည့် နာကျင်မှုများကို ဖြစ်စေခဲ့သည်။ ထိုစိတ်ဒဏ်ရာနှင့် နာမကျန်း ဖြစ်ကာ အိပ်ရာထဲ ဗုန်းဗုန်းလဲခဲ့ရသည်။
    
သို့သော် ကြေကွဲဖွယ်ရာ ထိခိုက် ဆုံးရှုံးမှုများက တစ်ကြိမ်နှင့် မပြီးခဲ့။ အမွေ ဆက်ခံသူ မရ ရအောင် မွေးမည် ဟူသော နေသူရိန်မင်းခန့်၏ ပြတ်သားစွာ ချမှတ်ထားသည့် ခိုင်မာသော ဆုံးဖြတ်ချက်ကြောင့် ဖန်ပြွန်သန္ဓေ စမ်းသပ်မှုကို ထပ်ပြီး လုပ်ဆောင်ခဲ့သည်။
    
သိပ္ပံပညာ ဆိုတာ အမှားများနှင့် တည်ဆောက်ထားခြင်းပဲ ဖြစ်သည်။ ထိုအမှားများက အောင်မြင်မှု လမ်းစပေါ် ဖြည်းဖြည်းချင်း ဆွဲခေါ်သွားနိုင်သည်။ သို့ရာတွင် ပထမဆုံး တီထွင် စမ်းသပ်မှုအတွက် ရဲရင့်သည့် စွန့်စားမှုများကို လုပ်ဆောင်ဖို့တော့ လိုအပ်သည်။
    
ငယ်ငယ်က သင်ကြားခဲ့ရသော လျှပ်စစ် မီးလုံး တီထွင်သူ သောမတ် အက်ဒီဆင်ဟာ လျှပ်စစ် မီးလုံးလေးကို ထုတ်လုပ်နိုင်ဖို့ စမ်းသပ်မှုပေါင်း တစ်ထောင်ခန့်ကို လုပ်ဆောင်ခဲ့ရသည်။ သို့သော် မအောင်မြင်သည့် နည်းလမ်းများက နောက်ဆုံးမှာ သူ လိုချင်သည့် ရလဒ် တစ်ခုကို ဖြစ်တည်စေခဲ့သည်။
    
ယခု ဖန်ပြွန်သန္ဓေ မွေးဖွားဖို့အတွက်ရော စမ်းသပ်မှုပေါင်း ဘယ်နှကြိမ်လောက် လုပ်ဆောင်ရမလဲ။
    
မလွယ်ကူသည့် စိန်ခေါ်မှု တစ်ခု။
    
အရင်းအနှီးကပါ ကြီးမားလွန်းသည်။
    
"သန္ဓေသားကို စမ်းသပ် ဖန်ပြွန်ထဲမှာ ကြီးထွားအောင် သုတေသီတွေ မလုပ်နိုင်ဘူး ဖြစ်နေတယ်၊ ဒီစမ်းသပ်မှုက ဆရာမတို့ ဆေးပညာ လောကအတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ်ပဲ၊ လိုအပ်တဲ့ နည်းပညာတွေ ဆက်လုပ်နိုင်ဖို့ အနောက် နိုင်ငံက အတတ်ပညာရှင်တွေကို ဖိတ်ခေါ်ထားတယ်"
    
"ကျွန်တော်တို့ဘက်က ကူညီနိုင်တာများ မရှိဘူးလား"
    
ဒေါက်တာ ဟန်နာရီကို သက်ပြင်းချလျက် ခေါင်း ယမ်းခဲ့သည်။
    
"မရှိဘူး၊ သားတို့ တတ်နိုင်တာ စောင့်ကြည့်ရုံပဲ"
    
စမ်းသပ်မှုက ဒုတိယအကြိမ် ထပ်ပြီး ကျရှုံးပြန်သည်။
    
စမ်းသပ်မှု တစ်ခါတစ်ခါ ကျဆုံးတိုင်း နင့်သီးသော နာကျင်မှု များစွာကို သူတို့ ခံစားရသည်။ မိဘတိုင်းအတွက် သားသမီး ဆုံးရှုံးရသော ခံစားချက်က ဘယ်လို အရာနှင့်မှ ဖြေဆည်၍ မရနိုင်။ ပူလောင် ပြင်းပြသော ဝေဒနာကို ရူးမတတ် ခံစားရလေသည်။ ထိုနာကျင်မှုများကြောင့်ပဲ အမွေ ဆက်ဆံသူ မွေးဖွားမည့် ကိစ္စကို ဝေယံ့ဘက်မှ စပြီး လက်လျှော့ချင် စိတ် ဖြစ်လာခဲ့သည်။
    
"ဒါလင် . . ၊ ဒါတွေကို ဒီမှာပဲ ရပ်လိုက်ပါတော့လား"
    
ဝေယံ မျက်ရည်များဖြင့် တောင်းဆိုလာခဲ့သည်။
    
"ဒီအထိတောင် ရောက်လာခဲ့ပြီးပြီလေ၊ နည်းနည်းလောက်ပဲ သည်းခံလိုက်ပါ့လား၊ ဒါတွေက နာကျင်ရရင်တောင် ကျွန်တော့်အတွက် သည်းခံထားပေးပါ၊ နော် . . ယံ"
    
နေသူရိန်မင်းခန့် စကားကြောင့် သူ ပြန်ပြီး မျိုသိပ်ခဲ့ရသည်။ အကယ်၍ ဆက်ပြီး နာကျင်ရမည် ဆိုတောင် ဒီနာကျင်မှုတွေက နေမင်းကြီး၏ အိပ်မက်တွေ အကောင်အထည် ဖော်နိုင်ဖို့အတွက်ပဲ ဖြစ်တာမို့ သူ ခံစားလိုက်ဖို့ ထိုက်တန်ပါသည်။ ရင်ထဲမှာ မီးတောက်နေသည့် ဒဏ်ရာ၏ ပူလောင်မှုကို လျစ်လျူရှုကာ ဝေယံ ဆက်ပြီး သည်းခံထားလိုက်မိသည်။
    
စိတ်မကောင်းစွာ စမ်းသပ်မှုက တတိယအကြိမ် ထပ်ပြီး ကျရှုံးခဲ့သည်။ သို့ရာတွင် အောင်မြင်မှု ပန်းတိုင်အတွက် ခြေ တစ်လှမ်း နီးလာလေသည်။
    
"မိခင် အကူအညီ မပါဘဲ သန္ဓေသား ကြီးထွား ရှင်သန်နိုင်မယ့် နည်းပညာကို ဆရာမတို့ ရှာဖွေနိုင်ဖို့ တော်တော်လေး နီးစပ်နေပြီ၊ သန္ဓေသားအတွက် လိုအပ်မယ့် အာဟာရ ဓာတ်စာတွေကို ဓာတ်ခွဲခန်းတွေမှာ သုတေသီတွေ ဖန်တီးပြီး စမ်းသပ် ဖန်ပြွန်ထဲ ထိုးသွင်းဖို့ လုပ်ဆောင်နေပြီ၊ တကယ်လို့ ဒီနည်းလမ်းသာ အလုပ် ဖြစ်ခဲ့မယ်ဆိုရင် သားတို့ ရင်သွေးလေး အသက်ရှင်နိုင်လိမ့်မယ်"

SUN { Season 1 }Where stories live. Discover now