Unicode - 21

14.2K 1.2K 298
                                    

မျက်နှာချင်းဆိုင်က နံရံမှာ ပန်းချီကား တစ်ချပ် ချိတ်ဆွဲထားသည်။ သဘာဝတရား၏ အလှကို သေသပ်စွာ ဆေးခြယ်ထားပုံက စည်းစနစ် ကျလှ၏။

ပြာလဲ့သော ကောင်းကင် အောက်မှာ မှိုင်းညှို့သော တောင်တန်းကြီးတွေ။ မိုး ထိအောင် မြင့်နေသည့် ကျောက်နံရံ မျက်နှာပြင်၌ အပြာရောင် ပန်းပွင့်ကြီး တစ်ပွင့်။ ကြီးမားသော ပွင့်ဖတ်များက စွင့်ကားစွာ ရှိနေသည်။ အချစ်စစ် ဟု အဓိပ္ပါယ် ရသော Forget Me Not ပန်းပွင့်လေးနှင့် တူ၏။ ခြားနားတာက ပန်းပွင့်၏ အရွယ်အစားပင်။

အောက်ခြေမှာ စာတန်း တစ်ခု။

' ကျောက်နံရံ မျက်နှာပြင်ပေါ်က ပန်း တစ်ပွင့်ဟာ
  မင်းသာ ဇွဲ ရှိမယ်ဆို
  မင်းရဲ့ ပန်းကလေး ဖြစ်လာလိမ့်မယ် '
      
ရေးသားသူက Peter Gizzi ဖြစ်သည်။

အာကာဟိန်းထက် ထိုအရာကို ခပ်စိုက်စိုက် ကြည့်ရင်း ပြုံးလိုက်သည်။ ထို့နောက် မျက်နှာ လွှဲသွားသည်။

မန္တလေး ကျုံးဘေးရှိ Hilton Mandalay Hotel မှ MOAT Bar & Grill တွင် အာကာဟိန်းထက် ထိုင်နေခြင်း ဖြစ်သည်။ မှန်လုံ ကာထားသော အခန်းက လေအေးပေးစက်ကြောင့် အေးစိမ့်နေ၏။ တိတ်ဆိတ်သော နေရာလေးမို့ သူ နှစ်သက်သည်။ မြင်ကွင်းက သိပ် လှလွန်းသည်။ ကျုံးရေပြင် တစ်လျှောက် မန္တလေးတောင်ကို ဒီနေရာမှ ရှင်းရှင်းလင်းလင်း မြင်ရနိုင်သည်။
    
အိမ်နှင့်ပါ နီးတာမို့ စိတ်အေးလက်အေး ပန်းချီ ဆွဲရန် ဤဆိုင်ကို သူ အမြဲ ရွေးတတ်သည်။ ဆိုင်က ပြန်မည်ဆို ကျုံးဘေးမှာ လေညင်းခံရင်း လမ်းလျှောက်နိုင်သေးသည်။ သဘောကျစရာ နေရာကလေး တစ်ခု ဖြစ်သည်။

"ကွတ်ကီးနဲ့တင် ဝပါ့မလား၊ ကော်ဖီ ဖြစ်ဖြစ် မှာပေးမယ်လေ"

"မသောက်ချင်ပါဘူး၊ ငါ ကော်ဖီ မကြိုက်ဘူး"

"ရေခဲမုန့် ဆိုရင်ရော"

"ဟင့်အင်း"
    
"ဒါဖြင့် ကျွန်တော့်ဆီက အစာသွပ်မုန့် နည်းနည်း ယူစား"

ခပ်လှမ်းလှမ်းရှိ ထောင့်စွန်း စားပွဲမှ စကားသံများကို အာကာဟိန်းထက် ကြားနေရသည်။ ဘာရယ် မဟုတ် ထိုနေရာသို့ တစ်ချက် လှမ်းကြည့်လိုက်သည်။

SUN { Season 1 }Where stories live. Discover now