အပိုင်း ၅
နားမလည်ခဲ့ခြင်းများစွာမန္တလေးရဲ့ နာမည်ကြီးအထက်တန်းကျောင်းဖြစ်တဲ့အထက ၁၆ ဆိုတဲ့ အစိမ်းရောင် ဆိုင်းဘုတ်ကြီး။
လူချမ်းသာ သားသမီးတွေချည်း စုနေကြတဲ့ ဒီကျောင်းက စည်းကမ်းအကြီးဆုံးကျောင်း လူတော်လူညွှန့်တွေ ထွက်တဲ့ကျောင်းဆိုပြီး တမြို့လုံးမှာ ဂုဏ်သတင်းအမွှေးဆုံးပေါ့။ ကောင်းပေ့ညွှန့်ပေ့ဆိုတဲ့ ကျောင်းအသုံးအဆောင်တွေ၊ ဈေးကြီးတဲ့ ကျူရှင်ဝိုင်းတွေ၊ ပိုက်ဆံကို ရေလိုသုံးနိုင်တဲ့ ကျောင်းသားကျောင်းသူတွေ။သစ်လွင်တောက်ပနေတဲ့ ပျော်စရာ အနာဂတ်တွေ စုစည်းပုံဖော်တဲ့ ဒီခမ်းနားတဲ့နေရာက အရင်ကရော အခုရော ဘယ်နေရာမှ သူနဲ့ မသက်ဆိုင်သလို။ ဒီထဲမှာရှိတဲ့ကလေးတွေနဲ့ သူက တခြားစီရယ်။
ကိုး ဆိုတဲ့ကောင်က မိဘမဲ့ မွေးစားသား အဆိုးအပေတယောက်လေ။ မသတီစရာအဖြစ်အပျက်တွေနဲ့ အမြဲတမ်း စိတ်အလိုမကျ ရန်လိုနေတတ်တဲ့ ကောင်လေးတယောက်ကို ဘယ်သူကမှ အပေါင်းအသင်း မလုပ်ချင်ကြတာလည်း မဆန်းပါဘူး။
ရန်ပွဲတွေ၊ ကျောင်းလစ်တာတွေ၊ ဆရာဆရာမတွေနဲ့ ကတောက်ကဆဖြစ်လို့ ရုံးခန်းရောက်ရတာတွေ၊ နောက်ဆုံး..
သတိလက်လွတ်နဲ့ အတိတ်တွေကို ငေးမောကြည့်နေတုန်း သူ့ပုခုံးထက်မှာ ခပ်ဖွဖွဆိုရုံ အထိအတွေ့လေး။
" ကိုး.. ဘာလုပ်နေတာလဲ.. သွားမယ်လေ.."
ရှပ်ကော်လံအကျီ ၤအဖြူလေးနဲ့ ရွှင်လန်းတက်ကြွနေတဲ့ ကိုသော်တာရဲ့ ရင်းနှီးနွေးထွေးမှုလေးကြောင့် အတိတ်တွေထဲနစ်ဝင်နေရာကနေ ပြန်ရုန်းထွက်လာပြန်တယ်။
ဒါတွေဟာ တကယ်ပဲ သူနဲ့ထိုက်တန်ရဲ့လား။
" ကျွန်တော် နည်းနည်းတော့ ကြောက်နေသလိုပဲ.."
" ဘာကြောက်စရာရှိလဲ.. အကိုတယောက်လုံးရှိနေတဲ့ဟာကို.. ဘယ်သူတွေအနိုင်ကျင့်ကျင့် အကို့ကို လာပြော.. အကို ပြန်ချပေးမယ်.. မင်းတယောက်တည်း ငုံ့ခံနေစရာမလိုဘူး ကြားလား.."
ပုခုံးကို ကျစ်နေအောင် ဆုပ်ကိုင်ထားတဲ့ လက်ချောင်းသွယ်တွေရဲ့အောက်.. သူ့ရင်ထဲမှာ နှစ်ဘဝစာလုံး ကိန်းဝပ်နေတဲ့ သိမ်ငယ်ရခြင်းတွေဟာ လွှင့်ပျောက်လို့သွားခဲ့ပြီ။