လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၉ ) မကျော်ဝံ့သေးတဲ့ ဒီစည်းဒီလိုနဲ့ စာသင်နှစ်တဝက်ကျိုးလာခဲ့ပြီ။ ကိုးတယောက် ပြန်မွေးဖွားလာပြီး သော်တာနိုင်နဲ့ ပြန်ဆုံတာကလည်း ၆ လ ရှိခဲ့ပြီပေါ့။
ကိုးအတွက်တော့ ဒီကာလတွေဟာ တိုတောင်းတယ်လည်းမဆိုသာ.. ရှည်လျားတယ်လည်းမထင်မိ။ နေ့ရက်တိုင်း စက္ကန့်တိုင်းမှာ ဒီအချိန် ဒီခန္ဓာကိုယ်ကို ပြန်ရတာက ဟုတ်ရောဟုတ်ရဲ့လားဆိုတဲ့ သံသယစိတ်တွေနဲ့အတူ သော်တာနိုင့်အနားမှာ ဝဲလည်ခတ်နေတဲ့ ပျားပတုန်းသာသာလေး ဖြစ်နေရသည်။
ဦးထွန်းမြိုင်နဲ့ဒေါ်ခင်အေးကို အတင့်ရဲစွာ အဖေမြိုင်၊ အမေအေးလို့ စခေါ်တော့.. သော်တာနိုင့်ဆီမှာ မလိုတမာပုံစံမျိုးမရှိတဲ့အပြင် မွေးစားမိဘနှစ်ပါးကလည်း သဘောကျနေလေရဲ့။ အခုနေများ အရင်ဘဝက ကိုးဆီ သွားပြောမယ်ဆိုရင်တောင် ဒီအကြောင်းတွေကို ယုံနိုင်မယ်မထင်။
ဒီအချိန်အတွင်းမှာ လူကြီးတွေအပေါ် ကိုးရဲ့ အလိုက်သိတတ်မှုတွေရယ်.. သော်တာနိုင်နဲ့ ခင်မင်ရင်းနှီးအောင် ပေါင်းသင်း ဆက်ဆံတတ်မှုတွေရယ်ကြောင့် ကိုးဟာ သဘာဝကျစွာပဲ ဒီအိမ်ရဲ့မိသားစုဝင် တစိတ်တပိုင်းအဖြစ် ပါဝင်ပတ်သတ်နေပြီဖြစ်သည်။
“ နှစ်ဝက်စာမေးပွဲဖြေရတော့မှာဆိုတော့.. ဒီလကစပြီး အိမ်မှာ ဂိုက်ဆရာခေါ်မလားလို့.. ကိုထွန်းမြိုင်..”
မီးဖိုချောင်သုံးဓားတွေကို ဓားသွေးကျောက်ဖြင့် ပယ်ပယ်နယ်နယ် ထိုင်သွေးနေသော ဦးထွန်းမြိုင်က ဒေါ်ခင်အေးစကားကို ခေါင်းငြိမ့်ရုံ ငြိမ့်ပြပြီး သဘောတူထောက်ခံလိုက်လေသည်။
“ မောင်သော်တာတို့ကတော့ ဒီစာတွေ ၂ ခါသင်နေရလို့ မှတ်မိနေပြီ ပြောတာပဲ.. ဒီနှစ်တော့ ဘယ်လိုလာဦးမယ်မသိဘူး..”
“ ယောကျာ်းလေးပဲကွာ.. ဆယ်တန်းမအောင်တော့လည်း အပြင်ထွက် အလုပ်လုပ်စားပေါ့ကွ.. ဒါ ရှိတာပဲ.. မင့်နှယ်..”
ဓားသွေးသံ တရွှမ်းရွှမ်းနဲ့အတူ ဦးထွန်းမြိုင်က ဘာမှအလေးအနက်မထားသလို ပြောလာတဲ့အခါ ဒေါ်ခင်အေးကတော့ ထုံးစံအတိုင်း သူ့ယောကျာ်းဆီ မျက်စောင်းက ဒိုင်းခနဲ ပို့လွှတ်နေပြီသား။
