27 (U)

4.5K 473 8
                                    

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၂၇ )
အိမ်မက်ယောင်သူ

သော်တာနိုင်တယောက် အိပ်ပျော်နေသော ကိုးအား ကျောပေးပြီး ကုတင်ခြေရင်းထောင့်စွန်းမှာ တင်ပလွှဲ ထိုင်နေသည်။ အနေအထားက တည်ငြိမ်သလို ထင်ရပေမယ့် အမှန်စင်စစ်တော့ သူ့ရင်ထဲဝယ် ဘင်ခရာတတပ်လုံး သံပြိုင်တီးမှုတ်နေသည့်နှယ်။ တအုန်းအုန်း၊ တဒုန်းဒုန်းမြည်သံများဟာ တိတ်ဆိတ်ငြိမ်သက်နေသော ကိုးရဲ့အခန်းလေထုအား ဖျက်စီးချင်နေသယောင်။

ဘယ်လိုပင် ငြိမ်အောင် ထိန်းသော်လည်း နှလုံးသားဟာ သခင့်စကားကို နားမထောင်တော့ပဲ ပုန်ကန်ထကြွနေတယ်။

ရင်ခုန်ရင် အချစ်တဲ့။

ဖြစ်သင့်လား.. လိင်တူကောင်လေးတယောက်ဆီမှာမှ အချစ်ဆိုတဲ့ စကားလုံးနဲ့ စတင်ရင်းနှီးရသတဲ့။ ရှက်လွန်းလို့.. ဖြစ်နိုင်ရင် မြေကြီးထဲ ခွဲဝင်ပြီး ဟိုးငရဲပြည်အောက်ဆုံးမှာ သွားပုန်းလိုက်ချင်တယ်။

ဦးနှောက်က လက်မခံနိုင်ဘူးလို့ အတွင်တွင် ငြင်းဆန်နေခဲ့ပါသော်လည်း သူ့နှလုံးသားကတော့ ကိုးအကြောင်း တွေးလိုက်တာနဲ့ကို အချစ်မှန်ကန်ကြောင်း ဝန်ခံနေတယ်။ အထူးသဖြင့်.. ကိုးဆီက “ ကျွန်တော် ခင်ဗျားကိုချစ်တယ်.. ကိုသော်တာ..” ဆိုတဲ့စကားကို ပြန်ကြားယောင်မိတိုင်းမှာပေါ့။

ချစ်တယ်တဲ့။ ကိုးက သူ့ကိုချစ်တယ်လို့ သုံးခါတိတိ ပြောပြခဲ့တာ။

သုံးခါထပ်ဆင့် ရိုက်သွင်းလိုက်ခဲ့ခြင်းဟာ သူ့ရင်ထဲ တန်းခနဲ ဝင်ရောက်ထိမှန်ထားတဲ့ မြှားတွေလိုပဲ။  ကိုးရဲ့ ပြုစားနိုင်မှုတွေလား။  ဒါမှမဟုတ် သူကပဲ မဆွတ်ခင်က ကြွေချင်နှင့်ခဲ့တာလား မသိတော့ဘူးရယ်။ အရင်က ရှောင်နေခဲ့သမျှ၊ တွေဝေနေခဲ့သမျှတွေကို ယတိပြတ် ဖြတ်ပြီး ကိုးနဲ့ ဆွေးနွေးကြည့်ချင်လာတယ်။ နှစ်ဦးနှစ်ဖက်လုံးနဲ့ သက်ဆိုင်တဲ့ အခြေအနေတခုကို ရောက်လာတဲ့အပြင် ဒီရင်ခုန်စိတ်လှုပ်ရှားနေခြင်းတွေက သေချာပေါက် အချစ်တခုဖြစ်နိုင်ပါ့မလားဆိုတာကို ပြတ်ပြတ်သားသား သိချင်နေမိတယ်။

အတွေးများနှင့်အတူ သက်ပြင်းမောကို ခပ်တိုးတိုး ကျိတ်ရှိုက်ရတော့သည်။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now