Extra 2နှစ်ခါလည် ဒီနှလုံးသားထဲမှာ..
အမုန်းတွေ လှည့်ပတ်ဖူးသလို အချစ်တွေလည်း ဖြန့်ကျက်ဖူးတယ်။
အသက်နဲ့လဲပြီး ချစ်တတ်ခဲ့ဖူးတဲ့နောက်တော့..
အရာအားလုံးဟာ အိမ်မက်တစ်ခုလို လွှင့်ပါးပျောက်ကွယ်သွားလေရဲ့။
…..
အကြာကြီးဆိုမှ တကယ့်အကြာကြီး ကျွန်တော် ထိုင်နေခဲ့မိတယ်။ တယောက်တည်းဆိုတာ သိပါတယ်။ အမှောင်ထုထဲမှာ ကျွန်တော် ပိတ်မိနေပြီဆိုတာလည်း သိတယ်။
ဘာမဆို အာခံချင်စိတ်နဲ့ မိုက်မိုက်ကန်းကန်းတွေ လုပ်ခဲ့တဲ့၊ ကံကြမ္မာကို ပြောင်းပြန်လှန်ချင်ခဲ့တဲ့ အရင်ကကိုးနဲ့တော့ တခြားစီပေါ့ဗျာ။ အရင်ကကိုးသာ အခုကျွန်တော့်ကို တွေ့ရင် နှာခေါင်းရှုံ့ပြီး စိတ်ပျက်တဲ့အမူအရာနဲ့ ငုံ့ကြည့်နေလေမလား။
မတတ်နိုင်ဘူးရယ်.. ကျွန်တော် သိပ်ပင်ပန်းနေပြီ။
ရှိနေတဲ့နေရာလေးမှာပဲ ထိုင်နေပြီး ကျွန်တော် ပိုင်ဆိုင်ခဲ့ရဖူးတဲ့ လက်တဆုပ်စာ ပျော်ရွှင်မှုလေးတွေကို ပြန်တမ်းတနေတုန်း တချိန်တော့ ကျွန်တော့်မျက်ခွံတွေ လေးလာတယ်။ ခြေတွေလက်တွေဟာ ဒီအမှောင်ထုကြီးထဲကို တဖြည်းဖြည်း နစ်မြှုပ်ဝင်နေသလို ခံစားလာရတယ်။
ကျွန်တော် မရုန်းနိုင်သလို ရုန်းလည်းမရုန်းချင်တော့ဘူး။ ပင်ပန်းနေပြီ၊ သိပ်ကိုပင်ပန်းနေလို့ပါ။
နောက်ဆုံး အဆုံးသတ်ကျ.. ကျွန်တော်ဆိုတာ ဖြစ်တည်မှုတစ်ခုအနေနဲ့တောင် မကျန်ခဲ့တော့ပဲ အကုန်ဝါးမြိုခံရတော့မှာပါလား။
ဒီလိုတွေးရင်း မျက်လုံးတွေကို မှိတ်မိပြီး အိပ်ပျော်လုမတတ် ဖြစ်လာတယ်။
“ ကိုး…”
အကို့ခေါ်သံလေး။
“ ကိုး.. အကို့ကို မထားခဲ့ပါနဲ့..”
ရှိုက်ကြီးတငင် ငိုနေတဲ့ အကို့အသံတွေက အရင်ကထက်ပိုပြီး သြရှရှ ဖြစ်လာတာကို ကြားလိုက်ရတဲ့အခါ အခုချိန်ဆို အကို့အသက် ဘယ်လောက်ရှိနေပြီလဲဆိုတာတော့ ကျွန်တော် သိချင်စိတ် ဖြစ်မိသား။
