21 (U)

4.5K 501 18
                                    

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၂၁ )
ရင်ခုန်သံတပိုင်းတစကို အကို ကြားခွင့် မကြားခွင့်

ကိုး ပြန်သတိရလာတော့ အခန်းထဲက သူ့အိပ်ရာပေါ်မှာ။

မျက်လုံးဖွင့်ကြည့်ပါသော်လည်း အရာရာဟာ ဝေဝေဝါးဝါး ဖြစ်နေဆဲပဲ။ ဘာကိုမှရှင်းလင်းပြတ်သားစွာ မမြင်ရသည့်အခါ သူ့စိတ်ထဲ ထိတ်လန့်လာရသည်။

လူအကောင်းပကတိဖြစ်နေပါရဲ့နဲ့ သူ့မှာ မလှုပ်နိုင် မယှက်နိုင်၊ စိတ်အစဉ်က နိုးကြားနေပါလျှက်.. ခန္ဓာက သူ့နောက်ပါမလာတော့ ထိတ်လန့်သည်ထက် ပိုလို့လာသည်။

“ ကိုး.. မင်း နိုးလာပါတော့..”

ကုတင်ဘေးမှာရှိတဲ့ အကို့အသံက ဟိုးအဝေးကြီးက လာနေသလိုလို။ အကို့ဆီ ရေတောင်းသောက်ချင်ပါသော်လည်း သူ့နှုတ်ခမ်းတွေက ဖွင့်မရ။

သူဟာ အသက်ရှင်နေတာမဟုတ်ပဲ သူ့ခန္ဓာကိုယ်အလွတ်ကြီးထဲ ပိတ်မိနေသလိုမျိုး မွန်းကျပ်နေရသည်။
ရှင်သန်နေတာမဟုတ်ရင် ဒီခန္ဓာကိုယ်ထဲ အတင်းသွင်းသွတ်ခံထားရတာများလား..

အိမ်မက်လိုလို တကယ်လိုလိုနဲ့.. ဟိုထူးဆန်းတဲ့အမျိုးသမီးကြီး ရွတ်ဆိုနေတဲ့ ဂါထာသံများက သူ့နားစည်ဆီ တရစပ် ရိုက်ခတ်နေရင်း သူ လှုပ်ရှားဖို့ကြိုးစားနေတုန်းမှာပဲ အမှောင်ထုကြီးက ပြန်လည်ဝါးမြိုသွားပြန်သည်။

အဆုံးမရှိ အစမရှိ နေရာလွတ် တခုကြီးထဲမှာ မျှောလွှင့်နေရသလို.. သူ့မှာ ဖမ်းဆုပ်ကိုင်ထားစရာ ဘာမှမရှိ။
သူတို့လက်နှစ်ဖက်အား အထပ်ထပ် တုပ်နှောင်ချည်ထားတဲ့ အပ်ချည်ကြိုးဖြူတွေက ဒီဘဝအတွက် ထပ်မံရစ်ပတ်ဖို့လား၊ ကိုက်ဖြတ်ခဲ့သည်အတွက် ဝေးကွာစေချင်လိုသည်လား။ ဘာလို့များ အကိုနဲ့ ဝေးစေလိုတယ်လို့ ခံစားနေရသလဲ။

“ ကိုး..”

အကို့ခေါ်သံတွေဟာ နေရာအနှံ့ဆီမှာ။ ငိုရင်းနဲ့ ခေါ်တဲ့အသံ။ ရယ်ရင်းနဲ့ ခေါ်တဲ့အသံ။ နာနာကျင်ကျင် ခေါ်နေသံတွေရယ်နဲ့ နောက်ဆုံးထွက်သက်လေးရဲ့ ခေါ်သံရောပေါ့။

ဒီလိုနဲ့ မည်းမှောင်နေတဲ့ သူ့နေရာဆီမှာ အကို့အသံက အလင်းတန်းသဖွယ်။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now