13 (U)

5.2K 606 24
                                    

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၁၃ )  လမင်းကြီးလည်း သာ..

စုဗူးတဝက်နီးပါးရှိနေပြီဖြစ်တဲ့ ရောင်စုံချိုချဉ်အိတ်ခွံတွေကို စုဗူးအပေါက်ဝကနေ ချောင်းကြည့်လိုက်တယ်။ ချိုချဉ်ခွံတွေထည့်ထားတဲ့ စုဗူးကြီးပိုက်လို့ အကို့ကိုချစ်တဲ့စိတ်တွေကို ဖြေသိမ့်နေရတာကလည်း သူ့အတွက် ကျေနပ်စရာတခုပင်။

နှစ်ဘဝစာမှာ သူ ပထမဆုံး ရဖူးတဲ့ အကို့ဆီက လက်ဆောင်တွေလေ။

ပလတ်စတစ်အိတ်ခွံလေးတွေဆိုပေမယ့်လည်း အကို့လက်နဲ့ ပေးထားတာမို့ သူ့မှာ တယုတယနဲ့ တန်ဖိုးထားရတာပါပဲ။ ရှိရင်းစွဲ အသက် ၂၆ နှစ်နဲ့ယှဉ်ရင် တော်တော်လေး ကလေးကလားဆန်ပေမယ့် အကိုနဲ့သာဆို.. သူက ညီလေးပဲ ဖြစ်ချင်နေတဲ့ကောင်မို့လား။ ချိုချဉ်ခွံတွေ တခုပြီး တခုတိုးလာတိုင်း.. သူတို့ကြားက သံယောဇဉ်တွေလည်း ပိုတိုးလို့ ခိုင်မြဲလာတယ်လို့ ခံစားနေရတယ်။ ဒါဟာ သူ တောင့်တခဲ့ရတဲ့ ချိုမြိန်ခြင်းလေးပါပဲ။

အခုတလော အကိုလည်း ကျောင်းဆင်းချိန်တွေဆို အားနေပြီ။ အကို့ရဲ့ အတန်းပိုင်ဆရာမက နှစ်ဝက်စာမေးပွဲကြောင့်ရယ်.. တနှစ်ကျထားတာမို့ ဒီနှစ်မှာ စာကိုပဲ အာရုံစိုက်စေချင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အကို့ကို ကျောင်းဘင်ခရာအဖွဲ့ကနေ ထွက်ခိုင်းလိုက်တော့.. အကိုက အရင်လို အလုပ်ရှုပ်မနေတော့ဘူးပေါ့။

သဘောကျတဲ့နေရာတခုကနေ ထွက်လိုက်ရတာမို့ အကိုက ဘင်ခရာဝိုင်းသံကြားရင်ကို မျက်နှာမကောင်း။ သူ့မှာ အကို့အစား မကျေမနပ်ဖြစ်ခဲ့ရသေးတယ်။ နေသားကျသွားတော့လည်း အကိုကတော့ ဘာမှမခံစားရသလို အေးအေးဆေးဆေးပါပဲ။ မဟုတ်လည်း ဆယ်တန်းပြီးရင် ဒီကျောင်းကရော ဘင်ခရာအဖွဲ့ထဲကရော ထွက်ရမှာပဲ.. စောစောထွက်လိုက်တော့ အနားရတာပေါ့ ဆိုပြီး ပြောနေလေရဲ့။

အကိုက အဲ့လိုမျိုး။ စိတ်ထဲမှာ မခံချိမခံသာ ဖြစ်နေပါရဲ့နဲ့ အကောင်းဘက်ကချည်း တွေးတတ်တဲ့လူရယ်။

နောက်တော့.. အကို့လွယ်အိတ်ထဲ ချိုချဉ်တွေ ချောကလက်တွေ လက်ဆောင်တွေ ရည်းစားစာပါလာတာတွေ နည်းနည်းလာတယ်။ ဒါပေမယ့် အကိုကတော့ ချိုချဉ်တွေယူလာပေးနေတုန်းပဲ။ မရိုးနိုင်တဲ့ အရသာစုံချိုချဉ်လေးတွေနဲ့အတူ အကိုနဲ့သူရဲ့ ဆက်ဆံရေးလေး ပိုတိုးတက်လာတဲ့အခါ တဖြည်းဖြည်း အကိုက သူ့အကြောင်းတွေ ပိုစိတ်ဝင်စားလာရဲ့။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now