လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၁၁ ) အကိုကတော့ တလွဲတွေးနေပြီကိုယ်တွေခြစ်ခြစ်တောက်ပူနေသည့်အပြင် သတိရတချက် မရတချက်ဖြစ်နေတဲ့ ကိုးကြောင့် သော်တာနိုင်တို့ တအိမ်သားလုံး ပျာယာခတ်နေကြသည်။ မိုးရွာထဲ အကြာကြီး ရှိနေခဲ့သည်မို့ အအေးမိသွားတဲ့ပုံပင်။ အပူရှိန်တွေ တရိပ်ရိပ်တက်ကာ ဖျားနေတာ ဒီနေ့ထိ အပူမကျသေးပေ။ တခါတခါ ကယောင်ကတမ်းတွေ ထထအော်နေပြန်သေးသည်။
ကိုယ်အပူလွန်ပြီး မျက်ရည်ပူတွေစီးကျနေတဲ့ ကိုးကိုကြည့်ရင်း သော်တာနိုင်ခမျာလည်း စိတ်ပူလွန်းလို့ ယောက်ယက်ခတ်နေရှာလေရဲ့။
လွန်ခဲ့တဲ့ ၂ ရက်က မိုးရေစိုသွားတဲ့ ကိုးအတွက် သူ အကျီ င်္အပိုလာပေးတဲ့အချိန် အတန်းထဲမှာမရှိတဲ့ ကိုးကို ကျောင်းဝင်းထဲ ပတ်ရှာခဲ့သေးတယ်။ ကျောင်းထဲမှာ ရှာမတွေ့တော့မှ ကိုးတယောက် ပျောက်နေတာကို သူ သိခဲ့ရတာ။ သိသိချင်း မိဘတွေကို အသိပေးကာ နေရာစုံအောင် ပတ်ရှာကြရတာပေါ့။ ကိုးရဲ့ မိဘမဲ့ဂေဟာကိုတောင် ရောက်ခဲ့သေးတယ်။
၆၂ သိပ္ပံလမ်းဘက်က ခြံဝန်းအဟောင်းကြီးရှေ့မှာ ကောင်လေးတယောက် မေ့လဲနေတယ်.. သွားကြည့်လိုက်ဦးဆိုပြီး ရပ်ကွက်ထဲက လူတွေ သတင်းပေးလာမှ မိုးရွာထဲ ခွေခွေလေး မေ့လဲနေတဲ့ ကိုးကို ပြန်တွေ့ခဲ့ကြတာ။
သော်တာနိုင်မှာလည်း ဒီကောင်လေး ဘာတွေဖြစ်သွားမှန်း တကယ်ကိုနားမလည်။
အဲ့နေ့က ကျောင်းသွားတဲ့ကားပေါ်မှာ ကိုးက မျက်နှာသိပ်မကောင်းပဲ ငူငူငိုင်ငိုင်ကြီး ဖြစ်နေတာကိုပဲ သူ သတိထားခဲ့မိတာ။ ကျောင်းထဲ အတူတူပြေးဝင်လာခဲ့ပြီးမှ ဘယ်လိုဖြစ်လို့ ကျောင်းအပြင် ဟိုးအဝေးကြီးကို ရောက်နေသလဲ စဉ်းစားမရ။
အမြဲလိုလို ရွှင်လန်းနေပြီး ပြုံးနေတတ်တဲ့ ဒီကလေးက ဘာလို့များ အဲ့နေ့က မှိုင်တွေနေခဲ့သလဲ..
နဖူးပေါ်တင်ထားတဲ့ ရေဝတ်လေးကို ဆွဲယူလိုက်ပြီး ရေအေးထဲစိမ်ကာ ညှစ်ချလိုက်တယ်။
သားတယောက်လုံး မွေးထားပါရဲ့နဲ့ ကလေးတယောက် ခေါ်မွေးစားမယ်လို့ ပြောတုန်းက သော်တာနိုင့်ခမျာ သူ့အမေ စနောက်နေတယ်ပဲ ထင်ခဲ့တာ။ အမေက ရေရေရာရာ မရှင်းပြဘူး။ အဖေကလည်း အိမ်အလုပ်လေး ဘာလေး ခိုင်းဖို့ဆိုပြီး ပြီးစလွယ် ရောချဖြေတယ်။ အိမ်အလုပ်ခိုင်းဖို့က အိမ်မှာနေတဲ့ အလုပ်သမားတွေမှ တပုံကြီး။ ဘာကိစ္စ ကလေးတယောက်ကို မွေးစားစရာလိုသလဲ။
