လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ၇ ချိုမြိန်ခြင်းဟာ အကိုပေးမှ..စနေ တနင်္ဂနွေတွေမှာ.. အကိုသော်တာက ကွန်ပျူတာသင်တန်းနဲ့ စာရင်းကိုင်သင်တန်းတက်ဖို့ စီစဉ်နေတယ်။ အကိုက သူ့မိဘတွေရဲ့ လက်ငုတ်လက်ရင်းဖြစ်တဲ့ သံပန်းသံတံခါးလုပ်ငန်းကို နည်းနည်းလေးမှ စိတ်ဝင်စားတဲ့ပုံမပေါ်တာမို့ ဦးထွန်းမြိုင်ခမျာ ဒီလုပ်ငန်းကြီးကို အမွေပေးချင်ပါသော်လည်း အခက်တွေ့နေရတယ်ဆိုတာ သူ ရိပ်မိပါတယ်။
ဒီလိုမျိုး သံချောင်းတွေကို ထုနှက်ရိုက်ပြီး ဂဟေဆော်ရတဲ့ အလုပ်ကြမ်းမျိုးကလည်း အကို့လို နုနုဖတ်ဖတ်ပုံစံလေးနဲ့မှမဖြစ်တာ။
ဒီကိစ္စနဲ့ပတ်သတ်ပြီး ဦးထွန်းမြိုင်နဲ့ အန်တီအေးလည်း ခဏခဏ စကားများရတယ်။အန်တီအေးက သူ့သားကို ပညာတတ်ပီပီ နေရိပ်ထဲ အေးအေးလူလူ အလုပ်လုပ်တာမျိုး မြင်ချင်တာ.. ဦးထွန်းမြိုင်သဘောကကျ သူများဆီမှာ မျက်နှာအောက်ချခံပြီး ဝန်ထမ်းလုပ်မယ့်အစား ကိုယ့်မိဘကိုယ်ပိုင်စီးပွားရေးကို ကိုင်တွယ်စေချင်တာပေါ့။
နှစ်ဖက်လုံးကမမှားပေမယ့်လည်း အကိုသော်တာက သူ့သူငယ်ချင်းတွေလို ကွန်ပျူတာတကိုင်ကိုင်နဲ့ စီးပွားရေးနဲ့ပတ်သတ်တာမျိုးတွေ စိတ်ပါနေတော့ သားအမိနှစ်ယောက်ကတဖက် ဦးထွန်းမြိုင်ကတဖက် ကတောက်ကဆ ခဏခဏ ဖြစ်နေကြတော့တာပဲ။
အရင်ဘဝတုန်းက သူ ဒါတွေမသိခဲ့ဘူး။ မှင်နီအတားခံရကာ ကျောင်းအထုတ်ခံရပြီးတဲ့နောက် အန်တီအေးက သူ့ကို ဘော်ဒါဆောင်ဆီ ပို့ခဲ့တာလေ။ အဲ့ကတည်းက ဒီအိမ်က သူ့ကို ခေါ်တုန်းကခေါ်လာပြီး တခါထပ်စွန့်ပစ်ပါတယ်ဆိုတဲ့အတွေးနဲ့ စိတ်အနာကြီးနာသွားတာမို့ အကိုတို့မိသားစုကိစ္စတွေကို ဘာတခုမှ ဂရုမစိုက်ခဲ့မိတာ။
အခုတော့ သူ့မှာ သားအမိသားအဖ သုံးယောက်ကြားထဲ နားပူနေရလေပြီ။
“ မင့်တို့သားအမိက ငါ ပြောလိုက်ရင် ဒီလို ကလန်ကဆန်ချည်းပဲ.. အဲ့သင်တန်းတွေတက်ချင်ရင်လည်း သွားတက်.. ငါ မကန့်ကွက်ဘူး.. လူဆိုတာ မျက်စိတထောက်တင် မကြည့်ရဘူးကွဲ့.. နောက်အရှည်ကို မျှော်ကြည့်ရတယ်.. လုပ်ငန်းဆိုတာကလည်း တခုအဆင်မပြေရင် နောက်တခုကို ကူးရတာချည်းပဲ.. သံပန်းအတတ်ကိုလည်း လိုရမယ်ရ သင်ထားဖို့ပြောနေတာ..”
