Extra 8
အတူတူ မအိုမင်းခဲ့ရလည်း နှလုံးသားတစ်စုံဟာ အတူတူ ရှိခဲ့တယ်။
ပြန်ဆုံတွေ့ရပြီးနောက်.. သူရယ် ကိုယ်ရယ်..
ဒီရင်ထဲ ပြည့်သိပ်နေတဲ့စကားတွေကို ဖြည်းဖြည်းချင်း ပြောပြရဦးမယ်။
....
" ကိုးရယ်.."
အကို့နဖူးပြင်လေးဟာ အရေးအကြောင်းပါးပါးလေးတွေစီကာ တွန့်နေပြီ။ အရင်လို ဂုတ်ထောက် ဆံနွယ်ပျော့ပျော့လေးမဟုတ်တော့ပဲ သပ်သပ်ရပ်ရပ် လှန်တင်ထားတဲ့ ဘိုကေဆံပင်မှာ အဖြူရောင် သန်းနေတဲ့ ဆံပင်လေးတွေက ဟိုတစ ဒီတစ။
မျက်ဝန်းတွေ၊ နှုတ်ခမ်းတွေက မပြောင်းလဲသွားပေမဲ့ အသက်အရွယ်အရ အကိုက လူလတ်ပိုင်း အမျိုးသားတယောက်အဖြစ် ပြောင်းလဲလို့သွားပြီ။ ကျွန်တော့်အရင်ဘဝရော၊ အခုဘဝမှပါ မမြင်ဖူးသေးတဲ့ ပုံစံတမျိုးနဲ့ အကိုက ကျွန်တော့်ကို အရင်လို မျက်ရည်စတွေနဲ့ နွေးထွေးစွာ ငေးကြည့်နေတုန်းပဲ။
" မင်း ပြန်လာပြီနော်.."
ခပ်သြသြအသံက ကွဲအက်လို့။
ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားတဲ့ အကို့လက်ချောင်းလေးတွေဟာ တဆတ်ဆတ် တုန်ရီနေဆဲ။
" ကျွန်တော် နောက်ကျနေတဲ့အတွက် ခွင့်လွှတ်ပါ.."
" ခွင့်လွှတ်လောက်တဲ့ကိစ္စမှ ခွင့်လွှတ်လို့ရမှာပေါ့.. မင်း ပြောကြည့်.. ငါ့ကို ဒီလောက်အကြာကြီး ထားပစ်ခဲ့ရက်တာကို ငါက ခွင့်လွှတ်ပေးရမှာလား.."
ကြည့်ဦး.. လူသေတပိုင်းကြီးကို နှစ် ၂၀ ကျော် ဆွဲခေါ်ထားပြီး မညီးမညူ ပြုစုစောင့်ရှောက်နေတဲ့လူက ကျွန်တော့်ကို ခွင့်မလွှတ်ဘူးဆိုပဲ။
" ဟော.. အခုမှပြန်လာတဲ့ ဒီညီလေးကို ဒီလိုရက်ရက်စက်စက်စကားတွေ ပြောမှဖြစ်မှာလား.. ခင်ဗျား အသည်းမာလှချည်လား ကိုသော်တာရဲ့.."
မျက်ရည်တွေလွှမ်းတဲ့ ရယ်သံဟာ အခန်းထဲဝယ် ချိုမြိန်စွာ ရိုက်ခတ်လို့သွားတယ်။
ပင်လယ်ရေလှိုင်းတွေလို တရိပ်ရိပ် တက်လာနေတဲ့ ဝမ်းသာဝမ်းနည်းစိတ်တွေကို ဘယ်လိုထိန်းချုပ်ရမှန်း မသိတော့တာနဲ့ အကို့ပုခုံးလေးပေါ် ခေါင်းမှီရင်း၊ အကို့ကိုယ်သင်းရနံ့လေးကို မက်မက်မောမော ရှိုက်ရှူရင်း ဒါတွေဟာ တကယ်အစစ်အမှန်ပါဆိုတာ အကြိမ်ကြိမ် အတည်ပြုနေရတယ်။