15 (U)

5K 583 27
                                    

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၁၅ ) အကိုက ရှက်နေတယ်

ထိန်ထိန်လင်းနေတဲ့ အဝါရောင်ဆီမီးအလင်းတွေရဲ့ကြား.. ပျားပန်းခတ်နေတဲ့လူတွေရဲ့ကြား လက်အုပ်ချီထားလျှက် ဆုတောင်းနေသည့် ကိုးကို ရှာတွေ့လေသည်။ လရောင်ဖြန်းပက်နေသော ပါးပြင်ပေါ်က မျက်ရည်စီးကြောင်းစတွေကလည်း ငွေမှင်ရည်နှယ် လက်ခနဲ။

ဒီကောင်လေးတော့ ငိုနေပြန်ပြီ..

သော်တာနိုင် ဆက်မသွားမိသလို နောက်ပြန်လည်းမလှည့်မိ။ ကိုးကို နားမလည်ခြင်းများစွာက တနေ့တခြား တိုးတိုးလာနေသည်။ ၁၅ နှစ်အရွယ် ကောင်လေးတယောက်က ဘာအကြောင်းနဲ့များ အရွယ်လေးနဲ့မလိုက်.. နောက်ကြောင်းမအေးစရာတွေ ရှိနေသလဲ ဆိုတာ သူ မတွေးတတ်တော့ပြီ။

ကိုး ပြောပြနေသည့် အိမ်မက်ထဲကကောင်လေးဆိုတာကရော.. တကယ်ပဲ အိမ်မက်မက်ခဲ့သည်လား။

ရပ်ကြည့်နေတုန်းမှာပင်.. ကိုးက ဓမ္မာရုံရှေ့ကနေ လမ်းထိပ်ဆီသို့ ထွက်သွားသည်။ သော်တာနိုင့်ကိုတော့ မြင်ပုံမပေါ်။ ၃၇ လမ်းမထိပ်ကိုရောက်တော့ အုတ်ခုံပေါ်မှာ တယောက်တည်းထိုင်ပြီး လမင်းကြီးကို မော့ကြည့်နေပြန်သည်။ ဒူးတဖက်ပေါ် တင်ထားသည့် လက်က တုန်ရီနေတဲ့အပြင် ကျန်လက်တဖက်က မျက်ရည်များကို သုတ်နေလေရဲ့။

ကိုယ်စီအပျော်တွေနဲ့မို့ ဘယ်သူကမှ ဒီမထင်မရှားကောင်လေးတယောက်ကို သတိပြုမိပုံမပေါ်သေးပေ။
ဘေးတိုက်ကြည့်တော့.. ကိုးရဲ့ ချွန်မြနေတဲ့မေးရိုးတွေ ပိုပေါ်နေပြီး တဖြောင့်တည်း ဖြစ်နေသည့် နက်မှောင်နေသော မျက်ခုံးမွှေးတွေက ထင်းလို့။ လူကြီးပုံမပေါက်ပါပဲ လူကြီးဆန်နေတဲ့ ဒီမျက်နှာလေးနဲ့ တိတ်တိတ်လေး ခိုးငိုနေရှာသတဲ့။

ဘယ်လောက်ပဲ ဘဝနာပါသည်ဆိုဦးတော့.. ပျော်စရာတွေ့ရင် ပျော်ရမယ့်အရွယ်မှာ ဘာကြောင့်များ ဒီကောင်လေးဟာ လူတွေကြားထဲ အထီးကျန်ဆန်နေရတာလဲ..

အပြည့်အဝသာနေသည့် လမင်းကြီးရယ်.. လမ်းထိပ်အုတ်ခုံပေါ်က ကိုးရယ်..

ပြီးတော့ ပါးပြင်ပေါ်က မျက်ရည်စတွေရယ်။

ရှိုက်ကြီးတငင် ငိုနေတာမျိုးမဟုတ်ပဲ.. တင်းထား ထိန်းထားတဲ့ကြားကနေ တသွင်သွင် စီးကျလာသော မျက်ရည်များပါပေ။ ကိုးရဲ့ ပုံစံဟန်ပန်တွေက ဘယ်လိုကြည့်ကြည့် ကလေးတယောက်နဲ့ မတူ။ ခေါင်းငိုက်စိုက်ကျရင်း ငိုကြွေးခြင်းမဟုတ်ပဲ.. ခေါင်းကို မော့ကာ အံကြိတ်ထားတဲ့အမူအရာက သေချာပေါက် တခုခုကို ကြိတ်မှိတ်သည်းခံနေသည့်ဟန်။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now