Unicode - 29

12.5K 1K 133
                                    

"စိတ်မပူနဲ့၊ ကျွန်တော် ရှိတယ် ယံ"

စိုးရိမ်တတ်ပြီး အတွေးများသော ဝေယံ့ကို စာဖတ်ခန်းသို့ မဝင်ခင် နေသူရိန်မင်းခန့် ဖျောင်းဖျ အားပေးသည့် အချိန်တွင် ည ကိုး နာရီ ခွဲနေပြီ။ တကယ်တမ်း စိုးထိတ်နေသူက သူသာ ဖြစ်၏။ နေသူရိန်မင်းခန့် နားထဲတွင် စောစောက ဒေါ်စန္ဒာခင်၏ စကားသံသာ ပဲ့တင်ထပ်နေသည်။ စကား တစ်ခွန်းက ဒီလောက် ချောက်ချားအောင် လုပ်နိုင်လိမ့်မည် ဟု သူ မထင်ထားခဲ့။

ရှေ့မှာ မြင်နေရသော တံခါးကြီး၏ နောက်မှာ ဖြစ်ပျက်လာမည့် အရာတွေကို ရင်ဆိုင်နိုင်စွမ်း မရှိစွာ နောက်ဆုတ် ပြေးထွက်ချင်သည်။ ဖြစ်နိုင်ပါက ခါးသီးသော ဖြစ်ရပ်ကို အလွယ်လေး ရှောင်ဖယ်ပစ်နိုင်သည့် စွမ်းအင် တစ်မျိုး ပိုင်ဆိုင်ထားချင်သည်။ အချိန်တွေကို နောက်ပြန် ရစ်နိုင်သည့် စွမ်းအင်မျိုး။ အတိတ် မေ့အောင် ပြုစားနိုင်သည့် မှော်ပညာမျိုး။ တကယ်တော့ ထိုအရာတွေသည် စိတ်ကူးယဉ်မှုတွေသာ ဖြစ်သည်။

ယခုအချိန်မှာတော့ မတတ်နိုင်စွာ စာဖတ်ခန်းဆီသို့ လေးလံ တရွတ်ဆွဲနေသော ခြေလှမ်းများဖြင့် နှစ်ဦးသား တုန်လှုပ်စွာ လှမ်းနေခဲ့ကြပြီ ဖြစ်သည်။

စာဖတ်ခန်း တံခါးကို ဖွင့်ပြီး အထဲသို့ ဝင်လိုက်တာနှင့် နေသူရိန်မင်းခန့် ခြေလှမ်းတွေ ကတုန်ကယင် ဖြစ်လာသည်။ ပါကေး ကြမ်းပြင်ပေါ် နင်းလျှောက်လာသည့် ခြေထောက် နှစ်စုံ၏ ခြေသံများက အကျယ်ကြီး ဖြစ်နေသလို ခံစားရသည်။ ခပ်လှမ်းလှမ်းက စန္ဒရား၏ အဖြူ အနက် ခလုတ်များ အပေါ်တွင် စီစီစံ လဲလျောင်းနေသည်။ ကြောင်ကလေး လှုပ်ရှားတိုင်း ဒင်ခနဲ ဒေါင်ခနဲ ထွက်လာသော အသံများက ထိတ်လန့်ဖွယ်ရာ။ စန္ဒရား သံစဉ်များကြောင့် နေသူရိန်မင်းခန့် နှလုံးတောင် တုန်ရီလာသည်။

တဒိန်းဒိန်း ခုန်နေသည့် နှလုံးကို အေးစက်နေသော လက်ဖဝါးနှင့် ဖိထားရင်း စာအုပ်စင်တို့ကို တစ်ခုပြီး တစ်ခု သူ ဖြတ်ကျော်လာခဲ့သည်။ အားအင် မရှိဘဲ ယိုင်နဲနေသော ခြေထောက်များ၏ ခြေသံက အေးစက် ငြိမ်သက်သော အခန်းထဲ လိုတာထက် ပို ကျယ်လောင်နေသလို။

SUN { Season 1 }Where stories live. Discover now