Unicode - 31

12.9K 918 149
                                    

နေ့စဉ် ဘဝက စက်ဝိုင်း တစ်ခုလို လည်ပတ်နေပေမယ့် လူတွေ အားလုံးကတော့ ကိုယ် ရောက်နေသည့် ကဏ္ဍမှာ လုပ်စရာ အသီးသီးကို ပုံမှန် လုပ်ကိုင်ကြရမှာပဲ ဖြစ်သည်။
    
အလုပ်တွေ . . ။
    
တာဝန်တွေ . . ။
    
ဝတ္တရားတွေ . . ။
    
နောက်ပြီး အမှတ်မထင် တွေ့ဆုံမှု။
    
အဲ့ဒီနေ့က မိုးမခ စံအိမ်လို့ အမည် ရသည့် ပြတိုက်သစ်ကြီး၏ ဖွင့်ပွဲနေ့မှာ ဖိတ်ကြားထားသော ဧည့်သည်ပေါင်းများစွာ တက်ရောက်ကြသည်။ ရာနှင့် ချီပြီး တက်ရောက်လာသည့် လူတွေထဲ သူမ ပါလာဖို့ ဆိုတာ အလွန် ဖြစ်နိုင်ခြေ နည်းသော ဖြစ်ရပ် တစ်ခု ဟု အာကာဟိန်းထက် ထင်သည်။

ပြောရပါက သူမသည် ပန်းချီကို စိတ်မဝင်စား။ နောက်ပြီး ပွဲ တက်ရန် သူမထံ ဖိတ်စာ မပို့ခဲ့သလို အကြောင်းလည်း မကြားခဲ့။ မိုးမခ စံအိမ်၏ ဧည့်စာရင်းတွင်လည်း သူမ နာမည် မပါခဲ့။ သို့ရာတွင် ဘယ်လောက်ပဲ ဖြစ်နိုင်ခြေ နည်းနည်း အဲ့ဒီနေ့က အာကာဟိန်းထက်နှင့် သူမ သေချာပေါက် တွေ့ဆုံခဲ့သည်။

မိုးမခ စံအိမ်၏ အထက်တွင် ရှိသော အပြာဖျော့ဖျော့ ကောင်းကင်သည် အလင်း လက်ကျန်ဖြင့် ညနေစောင်း အလှကို ဖန်တီးထားသည်။ တောက်ပသော မီးတိုင်များက ပြတိုက်ကြီး အတွင်း ပြိုးပြက် ဖြာဝေစွာ ဖြန့်ကျက်လျက် ရှိသည်။ ပြတိုက်ကြီးတွင် အထပ် နှစ်ထပ် ရှိပြီး အရှေ့ ခန်းမ၊ အနောက် ခန်းမ၊ တောင် ခန်းမနှင့် မြောက် ခန်းမ ဟူ၍ ခန်းမကြီး လေးခုဖြင့် ဖွဲ့စည်းထားသည်။

ထို့အတွက် အာကာဟိန်းထက် တာဝန် ယူရသော ပန်းချီ ပြခန်းက အရှေ့ ခန်းမ၏ မြေညီထပ်တွင် ဖြစ်သည်။
    
ကားရပ်နားစခန်းတွင် မောင်းဝင်လာသော ကား အကောင်းစားများက လင်းထိန်စွာ ဖြာဝေသည့် ကားမီးရောင်များနှင့် အတူ တောက်ပနေသည်။ ဧည့်သည် တချို့ တစ်ဝက် ရောက်နေလေပြီ။ ဧည့်သည်များထဲမှ သူ သိသော မျက်နှာများကို အာကာဟိန်းထက် တစ်ခဏ နှုတ်ဆက်ရသည်။

ပြပွဲ စတင်ဖို့ မိနစ် အနည်းငယ် အလိုကျမှ လူတွေ တဖွဲဖွဲ ရောက်ရှိလာပြီး ခန်းမ လေးခုလုံး စည်ကားသွားသည်။ ရောက်ရှိလာသည့် ဧည့်သည် အများစုက ဓာတ်ပုံ ပြခန်းနှင့် ပန်းချီ ပြခန်းတို့မှာ အနုပညာ အရသာကို ခံစား ဖော်ကျူးရင်း ပန်းချီကားတွေ အကြောင်း တီးတိုး ဆွေးနွေးကြသည်။

SUN { Season 1 }Where stories live. Discover now