Unicode - 69

6.1K 494 83
                                    

စိတ်လှုပ်ရှားဖွယ် မနက်ခင်း တစ်ခု။

နွေဦး၏ နွေးထွေးသော လေညင်းတွင် သင်းပျံ့ မွှေးထုံသည့် ပန်းရနံ့များ ရောပါနေသည်။ စင်္ကြံ အုတ်နံရံ၏ မှန်ပြတင်းမှ ဖြတ်လျက် တစ်ဆင့် မြင်ရသော အပြင် ဝန်းကျင်တွင် အဖြူရောင် ပန်းကလေးများ ဝေဆာလျက် ရှိသည်။ မြင်ကွင်း အပြည့် အဖြူရောင် ပွင့်ဖတ်ဥကလေးများ ဖူးငုံပြီး ဆေးအဖြူ သုတ်ထားသည့် သစ်သား ပြတင်းဘောင်ထက် အကိုင်းအခက်တို့ နွယ်ရစ် ပေါက်ရောက်နေပုံက ကဗျာဆန်သော ပန်းချီကား တစ်ချပ် အသွင်ကို ပုံပေါ်စေသည်။
    
ပန်းခက်ပန်းနွယ်များကြောင့် ကောင်းကင်ကို အပြည့် မမြင်ရသော်လည်း မြင်ရသမျှ နေရာလွတ်မှာ လိမ္မော်ရောင် အလင်းဓာတ် တစ်ခု တောက်လောင်နေသည်။ မိုးပြာရောင် ကောင်းကင်၏ အရှင်သခင် နေသူရိန် မိုးနတ်သား၏ ခမ်းနား ကြီးမြတ်သော ကိုယ်ရောင်ကိုယ်ဝါ အလင်းဓာတ်ပင် ဖြစ်လေသည်။

"ဒါလင် . . ၊ ထိုင်နေပါ့လားဟင်"

ဝေယံ စိတ်လှုပ်ရှားနေသည့် နေသူရိန်မင်းခန့် မျက်နှာကို ကြင်နာစွာ ကြည့်လျက် သတိပေးလိုက်သည်။

"မတ်တတ်ရပ်နေတာက ပို ကောင်းပါတယ်"

နေသူရိန်မင်းခန့်က ပြတင်းဘောင်ကို မှီလျက် ဒီဘက်ကို မျက်နှာချင်းဆိုင် လှည့်ရပ်နေသည်။ လက် နှစ်ဖက်ကို တင်းတင်း ပိုက်ကာ ဦးခေါင်းအား နံရံပေါ် မှီအပ်ထားသော ပုံစံကို ကြည့်ရုံနှင့်တင် စိတ်လှုပ်ရှားမှုကို အတော်လေး ထိန်းချုပ်ထားမှန်း သိသာလှသည်။

"စောင့်ရမယ့် အချိန်တွေက ကြာတယ် မဟုတ်လား၊ တော်ကြာ ခြေထောက်တွေ ညောင်းနေပါဦးမယ်၊ ထိုင်စောင့်လေနော်"

နေသူရိန်မင်းခန့် လက်ခံစွာ သဘောတူသည်။
ထို့နောက် စင်္ကြံလမ်းရှိ ခုံတန်းမှာ ဝင်ထိုင်လိုက်သည်။

ခုံတန်းများက စင်္ကြံ ဘေးတစ်ဖက်တစ်ချက်တွင် မျက်စောင်းထိုး အနေအထားဖြင့် အတန်းလိုက် ရှိနေကြပြီး အုတ်နံရံဖြူဖြူတွင် သံဖြင့် တွဲကပ်ထားသည်။ လမ်း အဆုံး၌ အခန်း တစ်ခန်း ရှိသည်။ ခွဲစိတ်ခန်း ဟူ၍ စာတန်း ကပ်ထားသည်။

SUN { Season 1 }Where stories live. Discover now