Unicode - 71

5.7K 448 109
                                    

နေသူရိန်မင်းခန့် မောင်းနှင်လာသော ကားကလေးသည် သိပ္ပံ လမ်းမကြီးပေါ် ပုံမှန် အရှိန်ဖြင့် ပြေးလွှားနေသည်။ နှစ်ထပ်တိုက် အိမ်ကြီးသို့ ရောက်သည့်အခါ ဖွင့်ထားသော ခြံတံခါးမှ မောင်းဝင်ပြီး အိမ်ရှေ့ နေရာလွတ်မှာ ကား ထိုးရပ်လိုက်သည်။

ဝေယံ ကားပေါ်မှ ဆင်းကာ ပတ်ဝန်းကျင်ကို အကဲခတ်မိသည်။
    
သူ နေထိုင်ခဲ့သော အိမ်ကြီးဟာ သူ ချန်ရစ်ခဲ့ချိန်ကအတိုင်း မပြောင်းမလဲ တည်ရှိနေဆဲ ဖြစ်သည်။ တရုတ် စကားပင်များက စိမ်းမှောင်သော အရွက်များ ကားစွင့်လို့ ဝါနုရောင် စကားပန်းများက သစ်ခက်များ အလယ် ဖွေးဖွေးလှုပ်လှုပ် ဝေဆာနေကြသည်။ အစိမ်းနှင့် အဝါ ရောစပ်ကာ လှပသော မြင်ကွင်းက မြင်ရသူ၏ ရင်ကို အေးမြစေသည်။ ခြံထောင့်မှ သစ်သား ဒန်းကလေးပေါ်တွင် ဆွတ်ဆွတ်ဖြူသော စကားပန်းများ ကြွေကျနေလေသည်။

ငယ်ဘဝ၏ အမှတ်တရ ဖြစ်ခဲ့သော ဧကရာဇ် ပင်ကြီးကပါ စိမ်းစို အုပ်ဆိုင်းသော သစ်ရွက်သစ်ခက်များကို ဖြန့်ကြက်လို့ ပူပြင်း တောက်လောင်သော မန္တလေးမြို့၏ နေပူဒဏ်မှ အိမ်ကြီးကို ခိုင်ခိုင်မာမာ ကာကွယ်ပေးထားသည်။ ပန်းပွင့်ချိန် ဖြစ်သည့် ဆောင်းဦး ရာသီ မဟုတ်တာမို့ နတ်မိမယ်များနှင့် တူသည့် ကြည်လင် ဖြူဖွေးလှသော ပန်းကလေးများတော့ မရှိသေးပေ။

အချိန်တွေ အကြာကြီး ကြာညောင်းခဲ့တာတောင် သူ ကြီးပြင်းခဲ့သော အိမ်ကြီးဟာ သူစိမ်းဆန်သွားခြင်း မရှိ။ ယခင်လို နွေးထွေး လုံခြုံနေဆဲ ဖြစ်သည်။

ဖခင်နှင့် မိခင်ရော နေကောင်းရဲ့လား သူ သိချင်သည်။ တစ်လ တစ်ခါ အချိန် မှန်မှန် ဖုန်း ဆက်တတ်ပေမယ့် မိခင်၏ အသံကိုသာ ကြားရတာမို့ သိပ်ပြီး အားမရလှ။ သူ အိမ်မှ ထွက်သွားကတည်းက ဖခင်၏ စောင့်ရှောက် ဖေးမမှုများနှင့် ဝေးကွာခဲ့ရတာ အချိန်တွေ ကြာခဲ့ပြီ ဖြစ်သည်။
     
ယခုရော ယခင်လို စိမ်းကားနေဦးမလား။
    
ဝေယံ စိုးရိမ်စိတ် ဝင်မိသည်။
     
မိဘတွေအတွက် သူဟာ တစ်ဦးတည်းသော သား ဖြစ်တာမို့ အနားမှာ နေကာ မှီခို အားထားရမည့် လူလိမ္မာလေး တစ်ယောက် ဖြစ်ရမည့်အစား သူ လုပ်လိုက်သည့် ရွေးချယ်မှုများကတော့ မိဘ ရင်ခွင်ကို ခြေစုံ ကန်သလို ဖြစ်စေခဲ့သည်။ တွေးကြည့်ပါက မျက်နှာ ပူစရာ ကောင်းလှ၏။ ဖခင်ဖြစ်သူ ဦးဝေယံဟိန်းကို ဘယ်လို မျက်နှာနှင့် ကြည့်ရမလဲ ဆိုတာကို ဝေယံ မတွေးတောတတ်တော့။

SUN { Season 1 }Where stories live. Discover now